Former Thai opposition lawmaker Kannavee Suebsang and other critics have heavily questioned the actions of Malaysian Prime Minister Anwar Ibrahim and regional governments, stressing that Myanmar’s junta leader Min Aung Hlaing faces international prosecution for crimes against humanity.
The criticism resurfaced after Prime Minister Anwar Ibrahim announced plans to invite Min Aung Hlaing to Malaysia for official talks aimed at facilitating the repatriation of Rohingya refugees. The regional diplomatic friction highlights a deep divide over how to handle the Myanmar crisis:
The Stance of the Critics: Politicians like Kannavee Suebsang, along with groups like [Justice For Myanmar (JFM)](https://www.justiceformyanmar.org/press-releases/jfm-calls-on-thai-authorities-to-investigate-min-aung-hlaing s-family-and-their-enablers-over-luxury-property-and-seize-their-assets) and the Burmese Rohingya Organisation UK (BROUK), argue that hosting Min Aung Hlaing grants unearned political legitimacy to a military dictator. They point out that Min Aung Hlaing is an international pariah under investigation by the International Criminal Court (ICC) and wanted under a genocide arrest warrant issued by Argentina.
Anwar’s Pragmatic Approach: Prime Minister Anwar Ibrahim has defended the invitation as a practical necessity. He clarified that while Malaysia—aligned with the broader Association of Southeast Asian Nations (ASEAN) consensus—does not officially recognize the junta administration, it requires a functioning de facto authority to negotiate the gradual return of over 200,000 Myanmar refugees currently residing in Malaysia.
မလေးရှားဝန်ကြီးချုပ်က ဖိတ်ခေါ် ကြိုဆိုမည့် မင်းအောင်လှိုင်မှာ စစ်ရာဇဝတ်မှုများအတွက် နိုင်ငံ တကာတွင် တရားစွဲဆိုမှုနှင့် အာဂျင်တီးနားနိုင်ငံ၏ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည်ကို သတိပြုရန် ထိုင်းနိုင်ငံရေးသမား ကနာဝီ သတိပေး
ရန်ကုန်၊ စက်တင်ဘာ ၂၀
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဖိတ်ခေါ် ကော်ဇောနီခင်း ကြိုဆိုမည့် မင်းအောင်လှိုင်မှာ စစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာ တရားစွဲဆိုမှုနှင့် အာဂျင်တီးနားနိုင်ငံ၏ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည်ကို သတိပြုရန် ထိုင်းနိုင်ငံရေးသမား ကန်နာဝီ ဆွမ်ဆန်းက သတိပေးလိုက်သည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်ရန် ဖိတ်ကြားပြီး ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်လက်ခံရေးကိစ္စ ဆွေးနွေးရန် စီစဉ်နေခြင်းအပေါ် ထိုင်းနိုင်ငံရေးသမားဟောင်း ကန်နာဝီ ဆွမ်ဆန်းက စက်တင် ဘာလ ၁၉ ရက်နေ့တွင် သူ၏ လူမှုကွန်ရက်မှတဆင့် ထိုသို့ ဝေဖန်သတိပေးလိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံရေးသမား ကန်နာဝီက မင်းအောင်လှိုင်သည် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့မှုအတွက် နိုင်ငံတကာစစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ တရားစီရင်ရေးလုပ်ငန်းစဉ်များ ရင်ဆိုင်နေရသည့်အပြင် အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ကြောင်း ထောက်ပြထားသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါက စက်တင်ဘာ ၁၆ ရက်နေ့တွင် မင်းအောင်လှိုင်ကို မလေးရှားသို့ တရားဝင်ခရီးစဉ်လာရောက်ရန် ဖိတ်ကြားမည်ဖြစ်ပြီး မြန်မာနိုင်ငံက မလေးရှားရှိ ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်လက်ခံရေး ဆွေးနွေးမည်ဟု ပြောဆိုခဲ့သည်။ မြန်မာဘက်က ပထမအဆင့်အနေဖြင့် ရိုဟင်ဂျာ ၅,၀၀၀ ကို လက်ခံရန် သဘောတူထားပြီး ပထမအသုတ်အဖြစ် လူ ၁,၅၀၀ ခန့်ကို စက်တင်ဘာ ၂၉ ရက်တွင် ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါက မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအတွက် အာဏာပိုင်တစ်ဖက်နှင့် ဆွေးနွေးရန် လိုအပ်ကြောင်း ပြောဆိုထားပြီး “မိတ်ဆွေဖြစ်နိုင်တယ်၊ ကုန်သွယ်နိုင်တယ်၊ မြန်မာနိုင်ငံကို လက်ခံနိုင်တယ်၊ ဒါပေမယ့် မြန်မာနိုင်ငံကလည်း သူတို့ကို ပြန်လက်ခံရမယ်” ဟု ပြောဆိုထားသည်။
သို့သော် ထိုင်းနိုင်ငံရေးသမား ကန်နာဝီက မလေးရှား၏ ယင်းလုပ်ဆောင်မှုသည် ဒုက္ခသည်များ၏ အသက်နှင့် လုံခြုံရေးကို သံတမန်ရေးနှင့် နိုင်ငံရေးဆက်ဆံရေး တိုးမြှင့်ရေးအတွက် အလဲအလှယ်ပစ္စည်းသဖွယ် အသုံးချရာရောက်နိုင်ကြောင်း ဝေဖန်သည်။
၎င်းက ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးတွင် “မိမိဆန္ဒအလျောက်” ဆိုသည့် စကားလုံးတစ်ခုတည်းဖြင့် လုံလောက်မည်မဟုတ်ဘဲ ပြန်လည်ရောက်ရှိမည့်နေရာသည် လုံခြုံမှုရှိ၊ မရှိ၊ ဖိနှိပ်ညှဉ်းပန်းခံရနိုင်ခြေ ရှိ၊ မရှိနှင့် လူ့အခွင့်အရေးများကို အာမခံနိုင်ခြင်း ရှိ၊ မရှိတို့ကို ထည့်သွင်းစဉ်းစားရမည်ဟု ပြောဆိုသည်။
UNHCR ကလည်း မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် မြန်မာဒုက္ခသည်များ ပြန်လည်နေထိုင်ရန် လုံခြုံသည့်အခြေအနေ မရှိသေးကြောင်း ပြောထားပြီး မလေးရှား၏ လက်ရှိပြန်ပို့ရေးအစီအစဉ်တွင် UNHCR ပါဝင်ခြင်းမရှိကြောင်း ပြောဆိုထားသည်။
UNHCR က ရိုဟင်ဂျာဒုက္ခသည်များကို နေရပ်သို့ ပြန်လည်ပို့ဆောင်မှုသည် မိမိဆန္ဒအလျောက်၊ သတင်းအချက်အလက်ပြည့်စုံစွာ သိရှိပြီး၊ လုံခြုံ၍ ဂုဏ်သိက္ခာရှိသည့် အခြေအနေဖြင့် ဖြစ်ရမည်ဟု ထောက်ပြထားသည်။
မြန်မာနိုင်ငံမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ နိုင်ငံတကာရာဇ ဝတ်တရားရုံး -ICC အစိုးရရှေ့နေက ရိုဟင်ဂျာများကို အတင်းအကျပ်နှင်ထုတ်ခြင်းနှင့် ဖိနှိပ်ညှဉ်းပန်းခြင်းတို့အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ဖမ်းဝရမ်းထုတ်ပေးရန် ICC တရားသူကြီးများထံ လျှောက်ထားခဲ့သည်။ ယင်းလျှောက်ထားမှုကို ICC တရားသူကြီးများက ဆက်လက်စိစစ်ဆုံးဖြတ်ရမည်ဖြစ်သည်။
တစ်ဖက်တွင် အာဂျင်တီးနား ဖက်ဒရယ်တရားရုံးကလည်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ဘက်နှင့် အစိုးရအရာရှိ ၂၅ ဦးအပေါ် ရိုဟင်ဂျာများနှင့်ပတ်သက်သည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ စွပ်စွဲချက်ဖြင့် ဖမ်းဝရမ်းများ ထုတ်ပြန်ခဲ့သည်။ ယင်းသည် အာဂျင်တီးနား၏ ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်မူအရ ဆောင်ရွက်နေသည့် အမှုဖြစ်သည်။
အလားတူ ဂမ်ဘီယာက မြန်မာနိုင်ငံကို ICJတရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားကြောင်း သူက ဆက်လက်ထောက်ပြထားသည်။
ထို့အပြင် ထိုင်းနိုင်ငံရေးသမား ကန်နာဝီက “စကားပြောခြင်း” နှင့် “တရားဝင်မှု ပေးအပ်ခြင်း” ကို မရောထွေးသင့်ကြောင်း၊ ပဋိပက္ခဖြေရှင်းရေးအတွက် မင်းအောင်လှိုင်နှင့် ဆွေးနွေးရန် လိုအပ်နိုင်သော်လည်း ယင်းဆက်ဆံရေးသည် တရားဝင်ခရီးစဉ်နှင့် နိုင်ငံရေးဂုဏ်ပြုမှုအဆင့်သို့ ရောက်ရှိသွားခြင်း မဖြစ်သင့်ကြောင်း ၎င်းက ဆိုသည်။
ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့က မင်းအောင်လှိုင်ကို လက်ခံခဲ့ပြီးနောက် မလေးရှားကလည်း အလားတူ ဆက်ဆံပါက အာဆီယံအတွင်း မင်းအောင်လှိုင်အစိုးရနှင့် ပုံမှန်နိုင်ငံတကာဆက်ဆံရေး ပြန်လည်ဖြစ်ပေါ်လာရေးကို တစ်နိုင်ငံချင်းစီက အထောက်အကူပြုရာရောက်နိုင်ကြောင်း သူက သုံးသပ်ထားသည်။
ထို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် ဒုက္ခသည်များကို ပြန်လည်ပို့ဆောင်ခြင်းအစား အလုပ်လုပ်ခွင့်နှင့် မိမိကိုယ်ကို ရပ်တည်နိုင်ရေးအပါအဝင် အခြားရွေးချယ်စရာများကို တိုးမြှင့်ပေးသင့်ကြောင်း၊ ထိုင်းနိုင်ငံတွင်ရှိသည့် မြန်မာဒုက္ခသည်များအတွက် ယာယီခိုလှုံရာစခန်း ၉ ခုတွင် တရားဝင်အလုပ်လုပ်ခွင့်ပြုသည့် မူဝါဒကို အလျင်အမြန် အကောင်အထည်ဖော်သင့်ကြောင်း ပြောဆိုသည်။
ထို့အပြင် ထိုင်းနိုင်ငံက မြန်မာစစ်တပ်တစ်ဖက်တည်းနှင့် ဆွေးနွေးခြင်းမပြုဘဲ NUG၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒုက္ခသည်ကိုယ် စားလှယ်များနှင့် ရိုဟင်ဂျာကိုယ်စားလှယ်များ ပါဝင်သည့် Track 1.5 ဆွေးနွေးမှုများကို တိုးမြှင့်လုပ်ဆောင်ရန်လည်း ကန်နာဝီက တိုက်တွန်းထားသည်။
အာဆီယံ၏ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း အချိန်ဇယား၊ တိုင်းတာနိုင်သည့် ရလဒ်များနှင့် လိုက်နာမှုမရှိပါက အကျိုးဆက်များပါဝင်သည့် ပုံစံဖြင့် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။
ထိုင်းနိုင်ငံရေးသမား ကန်နာဝီက မလေးရှားအနေဖြင့် ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးအစီအစဉ်ကို ပြန်လည်သုံးသပ်ရန်၊ ထိုင်းနိုင်ငံအနေဖြင့်မူ မြန်မာ့အရေးတွင် လူသားချင်းစာနာထောက်ထားမှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သံတမန်ရေးအခန်းကဏ္ဍကို ပိုမိုတက်ကြွစွာ ဆောင်ရွက်ရန် တိုက်တွန်းထားသည်။