By Zin Naung Naung Thet. Translated by Dr Ko Ko Gyi with the help of Copilot AI
In recent times, social media has been filled with posts and videos that mock religion, spread misunderstanding, and fuel hatred. Islam, in particular, has been targeted with ridicule—misusing God’s name, mocking mosque prayers, or sneering “Why doesn’t God save you from suffering?” Such remarks are not only insensitive but also rooted in ignorance.
Understanding the Call to Prayer
The Azan is often misunderstood. In Arabic, it means “announcement, invitation.” It is simply a call reminding Muslims five times a day to pray. Its words affirm God’s greatness and invite believers to worship and seek peace. It is not a curse or threat. Just as churches ring bells and Buddhist monasteries beat gongs, mosques use the Azan. To mock it because one does not understand Arabic is a sign of limited knowledge.
Suffering and Faith
Ridiculing believers during hardship—“Why doesn’t your God save you?”—shows a lack of understanding of all religions. Islam teaches that worldly life is a test, not a paradise. The Qur’an (2:155) states that God tests humans with fear, hunger, loss, and hardship. Even prophets endured immense suffering. Similarly, Buddhism teaches “Sabbe sankhara dukkha” (all conditioned things are suffering), and Christianity recalls Jesus’ suffering on the cross. Faith does not grant a “VIP pass” out of pain; it gives meaning and strength to endure it.
Respecting Sacred Names
The word Allah simply means “The God” in Arabic. Arab Christians also use “Allah” in their scriptures. To mock this name is not freedom of speech but disrespect. Both Buddhism and Islam forbid abusive speech. The Qur’an (6:108) warns Muslims not to insult others’ sacred beliefs, lest they retaliate against God in ignorance.
Misconceptions About Violence
Islam is often wrongly linked to terrorism. Yet with 1.9 billion Muslims worldwide, if Islam truly taught violence, peace would be impossible. The word Islam comes from Salam—peace. The Qur’an forbids killing the innocent, equating it to killing all humanity. Violence stems from individuals, not the religion itself. Just as dirty water comes from a dirty cup, not from the pure water itself, bad actions reflect individuals, not the faith.
Pork and Religious Discipline
Mocking Muslims with “Do you eat pork?” is crude and disrespectful. Islam prohibits pork not out of taste but obedience to God’s command (haram). Deliberately taunting believers with forbidden food is an attack on their faith. Buddhism calls this “harsh speech,” while Christianity teaches the Golden Rule: “Do unto others as you would have them do unto you” (Matthew 7:12). Forcing food on someone who abstains—whether vegetarian or allergic—is uncivilized.
Historical Clarification: The Crusades
Some claim Muslims started the Crusades. In fact, history shows otherwise. The Crusades began in 1095 when Pope Urban II urged Europeans to reclaim Jerusalem from Muslim rule. Muslims did not initiate these wars; they defended themselves against invading armies. Misrepresenting history to blame Islam is misleading and unfair.
Compassion in Islam
Far from being cruel, Islam obliges charity. One of its five pillars, Zakat, requires Muslims to support the poor. The Qur’an (5:32) teaches that saving one life is like saving all humanity. Compassion is central to the faith.
Conclusion
Mockery of religion—whether Islam, Christianity, or Buddhism—contradicts the very essence of faith, which is compassion, respect, and peace. Hatred grows when ignorance spreads unchecked. Instead of sharing insults, let us seek truth, study history, and uphold dignity.
အစ္စလာမ်ရဲ့ အနှစ်သာရ၊ အထွေထွေ ဗဟုသုတနဲ့ ရှုထောင့်အသီးသီးကနေ ချေပ ရှင်းလင်း တင်ပြ
Zin Naung Naung Thet
အခုတလော လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အချင်းချင်း နားလည်မှုလွဲမှားစေမယ့်၊ အမုန်းတရားတွေ ပွားများလာစေမယ့် ပို့စ်တွေ၊ ဗီဒီယိုတွေကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်နေရပါတယ်။ အထူးသဖြင့် အစ္စလာမ်သာသနာနဲ့ ပတ်သက်ပြီး ဖန်ဆင်းရှင်ရဲ့ နာမတော်ကို စာလုံးကစား သရော်တာတွေ၊ ဗလီဝတ်ကျောင်းတော်က ထွက်ပေါ်လာတဲ့ အသံတွေကို ဘာမှန်းမသိဘဲ ကဲ့ရဲ့တာတွေ၊ “ဒုက္ခရောက်နေတာ ဘုရားက မကယ်ဘူးလား” ဆိုတဲ့ လှောင်ပြောင်မှုတွေ။ ဝက်သားစားပါလား ဆိုသည့်စကားရပ်များ ကို ကျယ်ကျယ်လောင်လောင် မြင်တွေ့နေရပါတယ်။
ကျွန်တော်တို့ နိုင်ငံဟာ ဘာသာတရား ပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံ အတူတကွ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ကိစ္စရပ်တွေကို အပြန်အလှန် ဒေါသတကြီး ဆဲဆိုတိုက်ခိုက်ခြင်းမျိုးနဲ့ မဟုတ်ဘဲ၊ ဘာသာတရားများရဲ့ အနှစ်သာရ၊ အထွေထွေ ဗဟုသုတနဲ့ ရှုထောင့်အသီးသီးကနေ ချေပ ရှင်းလင်း တင်ပြလိုပါတယ်။
လူမှုကွန်ရက်မှာ ဗလီဝတ်ကျောင်းတော်တွေကနေ ထွက်ပေါ်လာတဲ့ အသံကို “ဘာတွေ အော်နေမှန်း မသိဘူး၊ ဆူညံတယ်၊ ကြောက်စရာကြီး” ဆိုပြီး သရော်လှောင်ပြောင်တာတွေ တွေ့ရပါတယ်။ ဒါဟာ တကယ်တော့ “မိမိမသိတဲ့ အရာတစ်ခုကို လေ့လာခြင်းမရှိဘဲ ကဲ့ရဲ့ခြင်း” သက်သက်သာ ဖြစ်ပါတယ်။
အာဇာန်ဆိုတာ အာရဗီဘာသာစကားဖြစ်ပြီး အဓိပ္ပာယ်က “အသိပေး နှိုးဆော်ခြင်း၊ ဖိတ်ခေါ်ခြင်း” ဖြစ်ပါတယ်။ တစ်နေ့ (၅) ကြိမ် ဝတ်ပြုဆုတောင်းဖို့ အချိန်ကျရောက်ပြီ ဖြစ်ကြောင်း မွတ်စလင်မ်တွေကို ဗလီကျောင်းတော်ကနေ လှမ်းပြီး ဖိတ်ခေါ်တဲ့ အသံသာ ဖြစ်ပါတယ်။
အာဇာန်ရဲ့ အဓိပ္ပာယ်က အလွန်ရိုးရှင်းပြီး မွန်မြတ်ပါတယ်။ “ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်သည်သာလျှင် အကြီးကျယ် အမြင့်မြတ်ဆုံး ဖြစ်တော်မူ၏။ အရှင်မြတ်မှလွဲ၍ အခြား ကိုးကွယ်ရာမရှိကြောင်း ကျွန်ုပ် သက်သေခံပါတယ်။ လာကြပါ… ဝတ်ပြုဆုတောင်းရန် လာခဲ့ကြပါ… လာကြပါ… အောင်မြင်မှု (ငြိမ်းချမ်းမှု) ဆီသို့ လာခဲ့ကြပါ” ဆိုတဲ့ ဖိတ်ခေါ်သံ သက်သက်သာ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ ကျိန်ဆဲနေတာ၊ ရန်လိုနေတာ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။
ခရစ်ယာန် ဘုရားကျောင်းတွေမှာ ဝတ်ပြုချိန်ရောက်ရင် ခေါင်းလောင်းထိုးပြီး ဖိတ်ခေါ်သလို၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေမှာ ဆွမ်းစားချိန်၊ ဥပုသ်သီလယူချိန်တွေမှာ စည်တီးပြီး၊ သံချောင်းခေါက်ပြီး အသိပေး နှိုးဆော်သလိုမျိုးပါပဲ။ အသုံးပြုတဲ့ နည်းလမ်း ကွာသွားတာပဲ ရှိပါတယ်။ မိမိ နားမလည်တဲ့ ဘာသာစကား (အာရဗီ) နဲ့ သံစဉ်တစ်ခု ဖြစ်နေရုံနဲ့ ကြောက်စရာလို့ သတ်မှတ်ပြီး သရော်တာဟာ ဗဟုသုတ နည်းပါးရာ ရောက်ပါတယ်။
လူတစ်ယောက် သဘာဝဘေးကြုံလို့ဖြစ်စေ၊ ဆင်းရဲဒုက္ခရောက်နေချိန်မှာဖြစ်စေ “မင်းကိုးကွယ်တဲ့ ဘုရားက ဘာလို့ မကယ်သလဲ” လို့ လှောင်ပြောင်ခြင်းဟာ ဘာသာတရားတိုင်းရဲ့ အခြေခံ ဒဿနတွေကို နားမလည်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။
အစ္စလာမ်မှာ ဤလောကီဘဝဆိုတာ “အမြဲတမ်း စံစားရမယ့် သုခဘုံ” လို့ လုံးဝ မသင်ကြားထားပါဘူး။ ဤလောကဟာ “စမ်းသပ်ရာ နေရာ” သာ ဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် (၂:၁၅၅) မှာ “အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား ကြောက်ရွံ့ခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ပစ္စည်းဥစ္စာ ဆုံးရှုံးခြင်း၊ အသက်အန္တရာယ်ကြုံခြင်း၊ သီးနှံများ ပျက်စီးခြင်းစသည့် အခက်အခဲတစ်ခုခုဖြင့် စမ်းသပ်တော်မူမည်” လို့ အတိအလင်း မိန့်ဆိုထားပါတယ်။ ဘုရားသခင်ကို ယုံကြည်လို့ ဒုက္ခကင်းရမယ်ဆိုရင် ဘုရားရဲ့ တမန်တော်တွေဟာ ကမ္ဘာပေါ်မှာ ဒုက္ခအကင်းဆုံး ဖြစ်ရမှာပေါ့။ ဒါပေမယ့် သမိုင်းမှာ တမန်တော်မြတ်တွေ အားလုံးဟာ အပြင်းထန်ဆုံးသော လောကဓံ ဒုက္ခတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
ဒီနေရာမှာ “လောကီဘဝဟာ အမြဲစံစားရမယ့်နေရာ မဟုတ်ဘဲ စမ်းသပ်ခန်းသက်သက်ဆိုရင်၊ လူတွေကို ဘာလို့ ဖန်ဆင်းနေသေးလဲ” ဆိုတဲ့ မေးခွန်း ပေါ်လာနိုင်ပါတယ်။ ဘာသာတရားများ၏ ဒဿနအရ ဖန်ဆင်းရှင်ဟာ လူသားတွေကို “လွတ်လပ်စွာ ရွေးချယ်ခွင့် (Free Will)” ဆိုတဲ့ အမြင့်မြတ်ဆုံး ဆုလာဘ်ကို ပေးအပ်ဖို့ ဖန်ဆင်းခဲ့တာ ဖြစ်ပါတယ်။ အလိုအလျောက် နာခံနေတဲ့ ကောင်းကင်တမန် တွေ၊ ကိုယ်ပိုင်အသိဉာဏ်မပါဘဲ ပင်ကိုယ်ဗီဇအတိုင်း ရှင်သန်နေတဲ့ တိရစ္ဆာန်တွေနဲ့ မတူဘဲ၊ လူသားဟာ လောကဓံရဲ့ အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေ၊ သွေးဆောင်မှုတွေ ကြားထဲကနေ “ကောင်းမှုတရား၊ မေတ္တာတရားနဲ့ မှန်ကန်မှုကို မိမိကိုယ်ပိုင် ဉာဏ်ပညာဖြင့် ရွေးချယ် သိမြင်မလား” ဆိုတာကို သက်သေပြရတာပါ။ ဒါကြောင့် စမ်းသပ်ခန်း (လောကီဘဝ) ဆိုတာ လူတွေကို ဒုက္ခပေးဖို့သက်သက် ဖန်တီးထားတာ မဟုတ်ဘဲ၊ လူသားတစ်ယောက်ရဲ့ စစ်မှန်တဲ့ တန်ဖိုး၊ ခံနိုင်ရည်နဲ့ ကိုယ်ကျင့်တရားကို မိမိကိုယ်တိုင် ထုဆစ်ပုံဖော်ခွင့်ပေးထားတဲ့ “မြင့်မြတ်သော အခွင့်အရေးတစ်ခု” သာ ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားက “သဗ္ဗေ သင်္ခါရာ ဒုက္ခာ (ခန္ဓာရှိလျှင် ဆင်းရဲခြင်း ဒုက္ခရှိမည်)” လို့ ဟောကြားခဲ့ပါတယ်။ လူသားတိုင်းဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရားတွေအောက်မှာ လောကဓံတရား ၈ ပါးကို မလွဲမသွေ ရင်ဆိုင်ကြရမှာပါ။ ကိုယ်တိုင်လည်း တစ်နေ့ လောကဓံနဲ့ ကြုံရနိုင်ပါလျက်၊ သူတစ်ပါး ဒုက္ခရောက်နေချိန်မှာ လှောင်ပြောင်ခြင်းဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံဖြစ်တဲ့ “မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ (ဗြဟ္မစိုရ်တရား ၄ ပါး)” နဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
သခင်ယေရှုခရစ်တော် ကိုယ်တိုင် လူသားတွေအတွက် ကားတိုင်ပေါ်မှာ အလွန် ဆင်းရဲဒုက္ခခံခဲ့ရပါတယ်။ ဆင်းရဲဒုက္ခ ဟာ မြေကြီးပေါ်က ခရီးစဉ်တစ်ခုဖြစ်ပြီး၊ ဘုရားသခင်ဟာ ဒုက္ခရောက်နေသူတွေနဲ့ အတူရှိတယ်လို့ ယုံကြည်ကြပါတယ်။
ဆိုလိုရင်းကတော့- ကိုးကွယ်ယုံကြည်မှု ရှိခြင်းဟာ လောကီဘဝရဲ့ နာကျင်မှု၊ သေဆုံးမှု၊ ဆင်းရဲမှုတွေကနေ ကင်းလွတ်ခွင့် ရသွားတဲ့ (VIP Pass) မဟုတ်ပါဘူး။ ဒါကို လှောင်ပြောင်တာဟာ ဘယ်ဘာသာတရားရဲ့ အဆုံးအမနဲ့မှ မညီညွတ်ပါဘူး။
“အလ္လာဟ်” (Allah) ဆိုတာ အာရဗီဘာသာစကားနဲ့ “ဖန်ဆင်းရှင် ဘုရားသခင် (The God)” လို့ အဓိပ္ပာယ်ရပါတယ်။ အရှေ့အလယ်ပိုင်းက အာရဗ်ဘာသာစကားပြော ခရစ်ယာန်တွေလည်း သူတို့ရဲ့ ကျမ်းစာအုပ်မှာ ဘုရားသခင်ကို “အလ္လာဟ်” လို့ သုံးနှုန်းပါတယ်။
ဒီလို အထွတ်အမြတ်ထားရာ နာမတော်ကို လှောင်ပြောင်တာဟာ မိမိရဲ့ ယဉ်ကျေးမှု အဆင့်အတန်း ကို ထုတ်ဖော်ပြသလိုက်တာပါပဲ။
လူယဉ်ကျေးတို့ရဲ့ လူ့ဘောင်မှာ သူတစ်ပါး အထွတ်အမြတ်ထားရာကို စော်ကားခြင်းဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of Speech) မဟုတ်ပါဘူး။
ဗုဒ္ဓဘာသာရဲ့ သီလ ၅ ပါးထဲက မုသာဝါဒ သိက္ခာပုဒ်မှာ “ဖရုသဝါစာ” (ကြမ်းတမ်းသောစကား၊ ဆဲရေးတိုင်းထွာသောစကား) နဲ့ “သမ္ဖပ္ပလာပ ဝါစာ” (အကျိုးမရှိ ပြက်ရယ်ပြုသောစကား) တွေကို ရှောင်ကြဉ်ဖို့ အတိအလင်း ဆုံးမထားပါတယ်။
အစ္စလာမ်သာသနာမှာလည်း ကျမ်းမြတ်ကုရ်အာန် (၆:၁၀၈) မှာ “အသင်တို့သည် အခြားသူများ ကိုးကွယ်ရာများကို မဆဲရေး မကဲ့ရဲ့ကြနှင့်။ သို့ပြုလုပ်ပါက ထိုသူတို့သည်လည်း မသိနားမလည်မှုဖြင့် အလ္လာဟ်အရှင်မြတ်အား ပြန်လည် ဆဲရေးကဲ့ရဲ့ကြလိမ့်မည်” လို့ မိန့်ဆိုထားပါတယ်။
လူဆိုးသူခိုး၊ အစွန်းရောက် ဆိုတာ လူ့အဖွဲ့အစည်းတိုင်း၊ ဘာသာတရားတိုင်း၊ လူမျိုးတိုင်းမှာ ရှိတတ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူတစ်စုရဲ့ ကျူးလွန်တဲ့ အပြစ်ဟာ အဲ့ဒီပုဂ္ဂိုလ်တွေနဲ့သာ ဆိုင်ပါတယ်။
ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာဝင် လူဦးရေ ၁.၉ ဘီလီယံ (ကမ္ဘာ့လူဦးရေရဲ့ ၂၅% ခန့်) ရှိပါတယ်။ အကယ်၍ အစ္စလာမ်ကသာ အကြမ်းဖက်ဝါဒကို သင်ပေးတယ်ဆိုရင် ကမ္ဘာကြီးဟာ ဘယ်လိုမှ ငြိမ်းချမ်းနေနိုင်စရာ အကြောင်း မရှိပါဘူး။
“Islam” ဆိုတဲ့ စကားလုံးရဲ့ မူလအမြစ်ဟာ “Salam” (ငြိမ်းချမ်းခြင်း) ကနေ ဆင်းသက်လာတာပါ။ အစ္စလာမ်မှာ အပြစ်မဲ့ လူတစ်ယောက်ကို သတ်ဖြတ်ခြင်းဟာ လူသားတစ်ရပ်လုံးကို သတ်ဖြတ်ခြင်းနဲ့ တူတယ်လို့ ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။
ရေက သန့်ရှင်းပါတယ်။ ဒါပေမယ့် ရေထည့်တဲ့ ခွက်က ညစ်ပတ်နေရင် ရေပါ ညစ်ပတ်သယောင် ထင်ရတတ်ပါတယ်။ တကယ်တော့ ခွက် (လူ) ကသာ ညစ်ပတ်တာဖြစ်ပြီး ရေ (သာသနာ) ကတော့ သန့်ရှင်းစင်ကြယ်နေဆဲပါပဲ။ လူဆိုးတစ်ယောက်ရဲ့ လုပ်ရပ်ကို ကြည့်ပြီး ဘာသာတရား တစ်ခုလုံးကို သိမ်းကျုံး စွပ်စွဲတာဟာ ယုတ္တိမတန်တဲ့ ကောက်ချက်ချမှု ဖြစ်ပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ ပို့စ်တွေ၊ သတင်းတွေအောက်မှာ “ဝက်သားစားမလား၊ ကျွေးရမလား” ဆိုပြီး ရိသဲ့သဲ့၊ ရိုင်းရိုင်းစိုင်းစိုင်း ဝင်ရောက် မှတ်ချက်ပေးတာတွေကို မကြာခဏ တွေ့မြင်ရတတ်ပါတယ်။ ဒါဟာ အလွန်ကို အောက်တန်းကျပြီး လူ့ယဉ်ကျေးမှု အဆင့်အတန်း ကင်းမဲ့တဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။
အစ္စလာမ်သာသနာမှာ ဝက်သားမစားခြင်းဟာ “မကြိုက်လို့” မဟုတ်ပါဘူး။ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်က စားသုံးရန် တားမြစ်ထားတဲ့အတွက် (Haram – ဟရာမ် ဖြစ်တဲ့အတွက်) “အရှင်မြတ်၏ အမိန့်တော်ကို အကြွင်းမဲ့ နာခံခြင်း” သက်သက်သာ ဖြစ်ပါတယ်။ ဒီလို သာသနာ့စည်းမျဉ်းအရ တင်းကျပ်စွာ ရှောင်ကြဉ်ထားတဲ့ အရာတစ်ခုကို တမင်သက်သက် လာရောက် စနောက်ခြင်းဟာ လူတစ်ယောက်ရဲ့ ယုံကြည်မှုကို တိုက်ရိုက် စော်ကားခြင်းပဲ ဖြစ်ပါတယ်။
ဒီလုပ်ရပ်ကို ဘာသာတရားများရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်-
ဗုဒ္ဓဘာသာ၏ ရှုထောင့်- သူတစ်ပါး လိုက်နာစောင့်ထိန်းတဲ့ အရာတစ်ခုကို ချိုးဖောက်ဖို့ တိုက်တွန်းတာ၊ ဒါမှမဟုတ် သူတစ်ပါး စိတ်အနှောင့်အယှက်ဖြစ်အောင် တမင်သက်သက် ရည်ရွယ်ပြီး ပြောဆိုတာဟာ ဗုဒ္ဓဘာသာရဲ့ သမ္မာဝါစာ (မှန်ကန်သော စကားကိုဆိုခြင်း) မဂ္ဂင်အင်္ဂါနဲ့ ဆန့်ကျင်နေပါတယ်။ ဒါဟာ “ဖရုသဝါစာ” (သူတစ်ပါးကို နာကျင်စေသော၊ ကြမ်းတမ်းသောစကား) ဖြစ်ပြီး၊ ဗုဒ္ဓဘာသာရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ “ကိုယ်ချင်းစာတရား၊ မေတ္တာ၊ ကရုဏာ” ခေါင်းပါးမှုကို ပြသနေခြင်းသာ ဖြစ်ပါတယ်။
ခရစ်ယာန်ဘာသာ၏ ရှုထောင့်- ခရစ်ယာန် သွန်သင်ချက်မှာ ကြီးမားတဲ့ ရွှေစည်းမျဉ်း (The Golden Rule) ရှိပါတယ်။ “သင်တို့သည် ကိုယ်၌ ပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့” (မဿဲ ၇:၁၂) လို့ ပါရှိပါတယ်။ ကိုယ့်ရဲ့ ယုံကြည်မှု၊ ကိုယ့်ရဲ့ အလေ့အထကို သူတစ်ပါးက စော်ကားလှောင်ပြောင်ရင် မိမိကိုယ်တိုင် မကြိုက်သလို၊ သူတစ်ပါးရဲ့ ယုံကြည် စောင့်ထိန်းမှုကိုလည်း မစော်ကားဖို့ သွန်သင်ထားတာ ဖြစ်ပါတယ်။
လူမှုရေး ယဉ်ကျေးမှုအရ ကြည့်ရင်တောင် သက်သတ်လွတ် စားတဲ့သူကို အတင်း အသားသွားကျွေးတာ၊ ဓာတ်မတည့်တဲ့ ရောဂါ ရှိသူကို အတင်း စားခိုင်းတာမျိုးဟာ လူရာမဝင်တဲ့ ရိုင်းစိုင်းတဲ့ လုပ်ရပ်ပါ။ ထို့အတူပါပဲ၊ သာသနာ့စည်းမျဉ်းအရ သန့်ရှင်းစွာ ရှောင်ကြဉ်နေသူကို “ဝက်သား” ဆိုတဲ့ စကားလုံးနဲ့ အနိုင်ကျင့် လှောင်ပြောင်တာဟာ မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ လူ့ယဉ်ကျေးမှု အဆင့်အတန်း (Moral and Cultural Standard) ဘယ်လောက်အထိ နိမ့်ကျနေသလဲ ဆိုတာကို ကမ္ဘာသိအောင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ကြေညာနေခြင်းသာ ဖြစ်ပါတယ်။
======
Comments မှ မေးမြန်းမှုများကို ဖြည့်စွက်ရေးသားခြင်း
မွတ်စလင်မ်တွေက ကြင်နာတရားမရှိဘူး ခရုဆိတ်စစ်ပွဲအစပျိုးမှုမေးထားသည့်မေးခွန်း
“မွတ်စလင်တွေက ခရူးဆိတ်စစ်ပွဲ ဖန်တီးခဲ့တာ” ဆိုတဲ့ မိတ်ဆွေရဲ့ စွပ်စွဲချက်ဟာ ကမ္ဘာ့သမိုင်း အချက်အလက်နဲ့ လုံးဝ (လုံးဝ) ပြောင်းပြန်ဖြစ်နေပြီး အလွဲကြီး လွဲနေပါတယ်။
ခရူးဆိတ်စစ်ပွဲများ (The Crusades) ဆိုတာ ခရစ်ယာန် ပုပ်ရဟန်းမင်းကြီး အာဘန်-၂ (Pope Urban II) က ခရစ်နှစ် ၁၀၉၅ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ကလာမောင့်ကောင်စီ (Council of Clermont) မှာ ဥရောပတိုက်သားတွေကို တရားဝင် လှုံ့ဆော်ကြေညာရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မွတ်စလင်တွေ အုပ်ချုပ်နေတဲ့ ဂျေရုဆလင်မြို့ (Jerusalem) နဲ့ သန့်ရှင်းသောမြေ (Holy Land) ကို သွားရောက် တိုက်ခိုက် သိမ်းပိုက်ဖို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် သမိုင်းအရ မွတ်စလင်တွေဟာ ခရူးဆိတ်စစ်ပွဲတွေကို သွားရောက်ဖန်တီး ကျူးကျော်သူတွေ လုံးဝ မဟုတ်ခဲ့ဘဲ၊ ဥရောပကနေ အလုံးအရင်းနဲ့ လာရောက် တိုက်ခိုက်တဲ့ စစ်တပ်ကြီးတွေကို ခုခံကာကွယ်ခဲ့ရသူတွေသာ ဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ ကမ္ဘာ့သမိုင်း (World History) ကို ဘက်လိုက်မှုမပါဘဲ ပြန်လည် လေ့လာဖတ်ရှုဖို့ အထူး အကြံပြုချင်ပါတယ်။
အစ္စလာမ်သာသနာရဲ့ အခြေခံကျမ်းမြတ်ဖြစ်တဲ့ ကုရ်အာန်ကျမ်း (၆:၁၀၈) မှာ “အသင်တို့သည် အခြားသူများ ကိုးကွယ်ရာများကို မဆဲရေး မကဲ့ရဲ့ကြနှင့်…” လို့ အတိအလင်း တားမြစ်ထားပါတယ်။ အခြားဘာသာဝင်တွေရဲ့ အထွတ်အမြတ်တွေကို စော်ကားခြင်းဟာ အစ္စလာမ်ရဲ့ သွန်သင်ချက်နဲ့ လုံးဝ ဆန့်ကျင်ဘက်ပါ။
အစ္စလာမ်ရဲ့ မဏ္ဍိုင် (၅) ရပ်ထဲမှာ ဆင်းရဲသားတွေကို မဖြစ်မနေ ကူညီလှူဒါန်းရမယ့် “ဇကာသ် (Zakat)” တာဝန် ပါဝင်ပါတယ်။ ဒါ့အပြင် ကုရ်အာန် (၅:၃၂) မှာ “အပြစ်မဲ့သော လူတစ်ယောက်၏ အသက်ကို ကယ်တင်ခြင်းသည် လူသားတစ်ရပ်လုံးကို ကယ်တင်ခြင်းနှင့် တူ၏” လို့ သွန်သင်ထားပါတယ်။ ဒါဟာ အမြင့်မားဆုံးသော လူသားချင်း စာနာမှုပဲ ဖြစ်ပါတယ်။
ဘယ်ဘာသာတရား၊ ဘယ်လူမျိုးမှာမဆို ကိုယ့်ဘာသာတရားရဲ့ အဆုံးအမကို မလိုက်နာဘဲ အစွန်းရောက်တဲ့၊ အကြမ်းဖက်တဲ့ လူဆိုးသူခိုး လူတစ်စုဆိုတာ အမြဲတမ်း ရှိတတ်ပါတယ်။ သို့သော် အဲ့ဒီ လူတစ်စုရဲ့ လုပ်ရပ်ကို ကြည့်ပြီး ဘာသာတရားတစ်ခုလုံးကို သိမ်းကျုံးစွပ်စွဲတာ၊ သမိုင်းအမှန်ကို ပြောင်းပြန်လှန်ပြီး အပြစ်တင်တာဟာ အသိဉာဏ်ရှိတဲ့၊ ရင့်ကျက်တဲ့ လူသားတစ်ယောက်ရဲ့ လုပ်ရပ် မဟုတ်ပါဘူး။
အမုန်းတရားတွေ၊ စွပ်စွဲချက်တွေကို မျက်လုံးစုံမှိတ် ယုံကြည်ပြီး ဖြန့်ဝေနေမယ့်အစား၊ အချက်အလက် (Facts) တွေ၊ သမိုင်းအမှန်တွေကို ကိုယ်ပိုင်ဉာဏ်နဲ့ ရှာဖွေလေ့လာဖို့ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ။
အာအေရှာ သခင်မ နှင့်ပက်သတ်သည့်မေးခွန်း
ဒီကိစ္စဟာ အစ္စလာမ်သာသနာနဲ့ ပတ်သက်ပြီး သမိုင်းကြောင်းအရ အထင်အမြင်လွဲမှားမှု၊ တိုက်ခိုက်မှု အများဆုံး ခံရတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေရဲ့ မေးခွန်းကို သမိုင်းအချက်အလက်တွေ၊ ခေတ်ကာလ နောက်ခံတွေနဲ့အတူ ရှင်းပြပေးပါရစေ။
လူသိများတဲ့ ဟဒီးဆ် (Hadith) တချို့မှာ အာအေရှာ သခင်မကို အသက် ၉ နှစ်အရွယ်မှာ လက်ထပ်ပေါင်းသင်းခဲ့တယ်လို့ ဖော်ပြထားတာ ရှိပါတယ်။ ဒါပေမယ့် ခေတ်သစ်နဲ့ ရှေးခေတ် သမိုင်းပညာရှင် အများအပြားက အခြားသော သမိုင်းဝင် အချက်အလက် (Data) တွေကို ပြန်လည် တိုက်ဆိုင်စစ်ဆေးတဲ့အခါ၊ သူမရဲ့ အသက်ဟာ အဲ့ဒီထက် အများကြီး ပိုကြီးကြောင်း ခိုင်မာစွာ တွေ့ရှိရပါတယ်။
အာအေရှာ သခင်မရဲ့ အစ်မအရင်း အက်စ်မာ (Asma) ဟာ သူမထက် ၁၀ နှစ် ကြီးပါတယ်။ သမိုင်းမှတ်တမ်းတွေအရ အက်စ်မာဟာ အစ္စလာမ်ပြက္ခဒိန် စတင်တဲ့ ဟစ်ဂျရသ် (Hijrah – မက္ကာမှ မဒီနာသို့ ပြောင်းရွှေ့ခြင်း) ပြုလုပ်ချိန်မှာ အသက် ၂၇-၂၈ နှစ် ဝန်းကျင် ရှိနေပါပြီ။
အက်စ်မာက ၂၇ နှစ်ဆိုရင်၊ ၁၀ နှစ်ငယ်တဲ့ အာအေရှာသခင်မဟာ ဟစ်ဂျရသ်ပြုချိန်မှာ အသက် ၁၇-၁၈ နှစ် ရှိနေရပါမယ်။ တမန်တော်မြတ်နဲ့ အိမ်ထောင်သက်ဝင် ပေါင်းသင်းချိန်ဟာ ဟစ်ဂျရသ်ပြုပြီး ၁ နှစ် သို့မဟုတ် ၂ နှစ်အကြာမှာ ဖြစ်တဲ့အတွက်၊ အာအေရှာ သခင်မဟာ အိမ်ထောင်ပြုချိန်မှာ အသက် ၁၈ နှစ်မှ ၁၉ နှစ် ဝန်းကျင် (အနည်းဆုံး ၁၄-၁၅ နှစ်) ရှိနေပြီဆိုတာကို သင်္ချာနည်းကျကျ သမိုင်းက သက်သေပြနေပါတယ်။
ထို့အပြင် သူမဟာ ဘဒရ်၊ အိုဟုဒ် စတဲ့ စစ်ပွဲတွေမှာ လူနာပြုစုတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ အသက် ၉ နှစ်အရွယ် ကလေးတစ်ယောက်ဟာ ဒီလို တာဝန်မျိုး ထမ်းဆောင်ဖို့ မဖြစ်နိုင်ပါဘူး။
သမိုင်းကို လေ့လာတဲ့အခါ “Presentism” လို့ခေါ်တဲ့ အခုခေတ် ပေတံနဲ့ အတိတ်က အဖြစ်အပျက်တွေကို တိုင်းတာ အကဲဖြတ်တာမျိုး လုပ်လို့မရပါဘူး။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်က အာရေဗျကျွန်းဆွယ်သာမက၊ ကမ္ဘာတစ်ဝှမ်းလုံး (ဥရောပ အပါအဝင်) မှာ အသက်အရွယ်ကို ဂဏန်းသင်္ချာနဲ့ အတိအကျ မှတ်သားလေ့ သိပ်မရှိပါဘူး။
လူတစ်ယောက်ရဲ့ အရွယ်ရောက်မှုကို အသက်ဂဏန်းနဲ့ မတိုင်းတာဘဲ၊ လူပျို/အပျိုဖော်ဝင်ခြင်း (Puberty) နဲ့ မိသားစုတာဝန် ယူနိုင်စွမ်း ရှိ/မရှိ ကိုသာ အဓိကထား ကြည့်ခဲ့ကြတဲ့ ခေတ်ဖြစ်ပါတယ်။
မိတ်ဆွေ မေးထားသလို ကာမဂုဏ် သာယာမှု သို့မဟုတ် ကျန်းမာရေးအတွက် လုံးဝ မဟုတ်ပါဘူး။
တမန်တော်မြတ် (صلى الله عليه وسلم) ရဲ့ ပထမဆုံး အိမ်ထောင်ဟာ ကိုယ်တော် အသက် ၂၅ နှစ်အရွယ်မှာ အသက် ၄၀ အရွယ် (၁၅ နှစ်ကြီးသော) ခဒီးဂျာ သခင်မကြီးနဲ့ ဖြစ်ပြီး၊ သခင်မကြီး ကွယ်လွန်တဲ့အထိ နှစ်ပေါင်း ၂၅ နှစ်တိုင်တိုင် တစ်လင်တစ်မယားစနစ်နဲ့သာ နေထိုင်ခဲ့ပါတယ်။
နောက်ပိုင်း အိမ်ထောင်ရေးတွေ (အာအေရှာ သခင်မ အပါအဝင်) ဟာ လူမှုရေး၊ နိုင်ငံရေး၊ လူမျိုးနွယ်စုများအကြား မဟာမိတ်ဖွဲ့ခြင်း၊ ရန်သူတွေကို မိတ်ဆွေဖြစ်အောင် စည်းရုံးခြင်း၊ တမန်တော်မြတ် ကွယ်လွန်ပြီးနောက် သာသနာ့ အသိပညာတွေကို အမျိုးသမီးထုကြား ပြန့်ပွားအောင် သင်ကြားပေးနိုင်မယ့်သူတွေကို ပြုစုပျိုးထောင်ခြင်း စတဲ့ အလွန် နက်နဲတဲ့ ရည်ရွယ်ချက်တွေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
အာအေရှာ သခင်မကို လက်ထပ်ခြင်းဟာလည်း အစ္စလာမ်သာသနာမှာ အရေးအပါဆုံးသော သူ၏ အရင်းနှီးဆုံး မိတ်ဆွေ အဘူဘကရ် (Abu Bakr) နဲ့ သွေးသားရင်းချာ ဆွေမျိုးအဖြစ် အနှောင်အဖွဲ့ကို ပိုမို ခိုင်မာစေဖို့ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အာအေရှာသခင်မဟာ အစ္စလာမ့်သမိုင်းမှာ အကြီးကျယ်ဆုံးသော ပညာရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
အွန်လိုင်းပေါ်က အမုန်းစကားတွေ၊ လှောင်ပြောင်မှုတွေကို အခြေခံပြီး တခြားဘာသာတရားတစ်ခုရဲ့ သမိုင်းကို အကဲဖြတ်တာဟာ မှားယွင်းတဲ့ ကောက်ချက်တွေကိုသာ ရရှိစေမှာပါ။ သမိုင်းကို သမိုင်းရဲ့ ခေတ်ကာလ အခြေအနေ၊ ပတ်ဝန်းကျင် အနေအထားတွေနဲ့ ဘက်စုံ ထောင့်စုံက လေ့လာမှသာ အမှန်တရားကို မြင်နိုင်မှာ ဖြစ်ပါတယ်။
ဟဒီးဆ်မမှန်လို့လား တမန်တော်က လူ့အခွင့်အရေးနဲ့ငြိအောင်လုပ်ခဲ့တာလား? စတဲ့မေးခွန်းများကိုဖြေပါမယ်။
သမိုင်းနဲ့ ဘာသာတရားကို ခေတ်သစ် အမြင်နဲ့ ပြန်လည်မေးခွန်းထုတ်တာဟာ ကောင်းမွန်တဲ့ အလေ့အကျင့် တစ်ခုပါ။ ဒါပေမယ့် အကြောင်းအရာ တစ်ခုကို ဆန်းစစ်တဲ့အခါ တစ်ဖက်သတ် အဆိုးမြင်စိတ် ထက်၊ သမိုင်းရဲ့ နောက်ခံအကြောင်းတရား ကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာဖို့တော့ လိုအပ်ပါတယ်။ မိတ်ဆွေ ထောက်ပြထားတဲ့ အချက်တွေကို ကျွန်တော် သမိုင်းနဲ့ သိပ္ပံနည်းကျ ချဉ်းကပ်မှုကနေ တစ်ချက်ချင်း ရှင်းပြပါရစေ။
ဟဒီးဆ်ဆိုတာ ကုရ်အာန်လို အလ္လာဟ်အရှင်မြတ်ဆီက တိုက်ရိုက်ကျလာတဲ့ စာသားတွေ မဟုတ်ပါဘူး။ တမန်တော်မြတ် ကွယ်လွန်ပြီးနောက် ရာစုနှစ်တွေ ကြာမှ လူသားတွေက နှုတ်ဆင့်ကမ်း ပြောစကားတွေကို ပြန်လည် စုဆောင်း မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
လူသားတွေက မှတ်တမ်းတင်တာ ဖြစ်တဲ့အတွက် မှတ်ဉာဏ် ချို့ယွင်းတာ၊ ပြောစကား လွဲချော်တာ၊ အချိန်ကာလ မှတ်သားမှု မှားယွင်းတာတွေ (Human Errors) သဘာဝအရ ရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ပဲ အစ္စလာမ့်သမိုင်းမှာ “Ilm al-Rijal” (ဟဒီးဆ် ဆင့်ကဲပြောဆိုသူများ၏ ရာဇဝင်ကို စိစစ်သည့် သိပ္ပံပညာ) ဆိုတာ ပေါ်ပေါက်လာခဲ့တာပါ။
အာအေရှာ သခင်မရဲ့ အစ်မဖြစ်သူ အက်စ်မာရဲ့ အသက်နဲ့ တိုက်ဆိုင် စစ်ဆေးပြီး အသက်ကို ပြန်လည် တွက်ချက်တာဟာ “ကြမ်းပိုးကို လိပ်ဖြစ်အောင် လုပ်တာ” မဟုတ်ပါဘူး။ အဲဒါကို ပညာရှင်အသုံးအနှုန်းနဲ့ “Historical Cross-examination (သမိုင်းဆိုင်ရာ တိုက်ဆိုင်စစ်ဆေးခြင်း)” လို့ ခေါ်ပါတယ်။ ရှာဖွေတွေ့ရှိထားတဲ့ Data အသစ်/အခြား Data တွေနဲ့ တိုက်ဆိုင်ပြီး အမှန်ကန်ဆုံးကို ရှာဖွေတာဟာ သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်မှုပါပဲ။
သမိုင်းကို လေ့လာတဲ့အခါ “Presentism” (ခေတ်သစ် ပေတံဖြင့် အတိတ်ကို တိုင်းတာ အကဲဖြတ်ခြင်း) ဆိုတဲ့ အမှားကို ရှောင်ရှားရပါမယ်။ လွန်ခဲ့တဲ့ နှစ် ၁၄၀၀ က အာရေဗျကျွန်းဆွယ်ရဲ့ လူမှုရေးစနစ်ဟာ အခုခေတ် လူ့အခွင့်အရေး စံနှုန်းတွေနဲ့ လုံးဝ မတူပါဘူး။
တကယ်တမ်းတော့ တမန်တော်မြတ်ဟာ အဲ့ဒီခေတ်က “လုပ်ချင်တိုင်း လုပ်နေကြတဲ့” အရိုင်းအစိုင်း လူ့အဖွဲ့အစည်းကို စည်းကမ်းဘောင်တွေ ချမှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ (ဥပမာ- မိန်းကလေးမွေးရင် အရှင်လတ်လတ် မြေမြှုပ်သတ်တဲ့ အလေ့အထကို ပိတ်ပင်ခြင်း၊ အမျိုးသမီးတွေကို ပိုင်ဆိုင်ခွင့်နဲ့ အမွေဆက်ခံခွင့် ပေးခြင်း)။ ဒီလို ပြုပြင်ပြောင်းလဲမှုတွေဟာ အဲ့ဒီခေတ်ကာလ (၇ ရာစု) အတွက်တော့ အလွန်ကြီးမားတဲ့ လူ့အခွင့်အရေး တော်လှန်ရေးကြီး ဖြစ်ခဲ့ပါတယ်။
အစ္စလာမ်မှာ အယူပြောင်းခြင်း အတွက် ပြစ်ဒဏ်က ဘာလဲ? လို့မေးထားတာကိုဆက်ဖြေပါမယ်။
ဒီမေးခွန်းက အလွန်ကောင်းပါတယ်။ ဒီကိစ္စကို ရှင်းလင်းဖို့ “ယုံကြည်မှု ပြောင်းလဲခြင်း” နဲ့ “နိုင်ငံတော် သစ္စာဖောက်မှု” ဆိုတဲ့ အချက်နှစ်ချက်ကို ကွဲပြားဖို့ လိုပါတယ်။
အစ္စလာမ်ရဲ့ အခြေခံ အကျဆုံး ကျမ်းမြတ်ကုရ်အာန် (၂:၂၅၆) မှာ “သာသနာတော်၌ မည်သည့် အတင်းအကျပ် အနိုင်အထက် ပြုလုပ်ခြင်းမျှ မရှိ” (There is no compulsion in religion) လို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ ကုရ်အာန်ထဲမှာ အစ္စလာမ်ကနေ စွန့်ခွာသွားသူတွေ အကြောင်း အကြိမ်ကြိမ် ဖော်ပြထားပေမယ့်၊ လောကီဘဝမှာ သတ်ပစ်ဖို့ ပြစ်ဒဏ် လုံးဝ (လုံးဝ) ပြဋ္ဌာန်းထားခြင်း မရှိပါဘူး။ သူတို့အတွက် ပြစ်ဒဏ်ဟာ တမလွန် မှာသာ ဖြစ်တယ်လို့ အတိအကျ ဆိုထားပါတယ်။
ဒါဆို သေဒဏ် ဆိုတာ ဘယ်ကလာတာလဲ? ဆိုတဲ့အဖြေကိုဆက်ဖြေပါမယ်။
တချို့ ဟဒီးဆ်တွေမှာ “ဘာသာပြောင်းသူကို သတ်ပါ” ဆိုတဲ့ စကားရပ် ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီခေတ်ကာလ ကို ကြည့်ရပါမယ်။ အစောပိုင်း မွတ်စလင်အသိုင်းအဝိုင်းဟာ မက္ကာဟ်က ရန်သူတွေရဲ့ နေ့စဉ် သတ်ဖြတ် တိုက်ခိုက်မှု (စစ်ပွဲကာလ) ကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာ အစ္စလာမ်ကနေ ထွက်သွားတယ် ဆိုတာဟာ ရိုးရိုး ယုံကြည်မှု ပြောင်းသွားတာ (Freedom of belief) မဟုတ်ပါဘူး။ မွတ်စလင် အသိုင်းအဝိုင်းကနေ ထွက်၊ ရန်သူ့စစ်တပ်ထဲကို ဝင်ရောက်ပူးပေါင်းပြီး ကိုယ့်လူမျိုးကို ပြန်လည် တိုက်ခိုက်သတ်ဖြတ်တဲ့ “နိုင်ငံတော် သစ္စာဖောက်မှု နှင့် ပုန်ကန်မှု (High Treason and Armed Rebellion)” ကို ဆိုလိုတာ ဖြစ်ပါတယ်။
ဒီကနေ့ ခေတ်သစ် ကမ္ဘာကြီးက နိုင်ငံတွေ (ဥပမာ- အမေရိကန်၊ ဗြိတိန်) မှာတောင်၊ နိုင်ငံသားတစ်ယောက်ဟာ နိုင်ငံရေးအယူအဆ ပြောင်းလဲခွင့် ရှိပါတယ်။ ဒါပေမယ့် စစ်မက်ဖြစ်ပွားနေချိန်မှာ ကိုယ့်နိုင်ငံတပ်မတော်ကနေ ထွက်ပြေးပြီး ရန်သူ့တပ်ထဲဝင်ကာ ကိုယ့်နိုင်ငံကို ပြန်တိုက်ရင်၊ အဲ့ဒီလူဟာ သစ္စာဖောက်မှု (High Treason) နဲ့ သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ခံရပါတယ်။ တမန်တော်မြတ် ခေတ်က ပြဋ္ဌာန်းခဲ့တဲ့ ပြစ်ဒဏ်ဟာ အယူဝါဒ ပြောင်းလို့ မဟုတ်ဘဲ၊ စစ်အတွင်း နိုင်ငံတော် သစ္စာဖောက်မှုကို အရေးယူတဲ့ ဥပဒေ သာ ဖြစ်ပါတယ်။
အစ္စလာမ်ဟာ ငြိမ်းချမ်းရေး ကို အခြေခံသလို၊ လူ့အဖွဲ့အစည်းကို ဖျက်ဆီးမယ့်သူတွေကို အရေးယူဖို့ တရားမျှတမှု စနစ်လည်း ရှိပါတယ်။ စာအုပ်ထဲက စာကြောင်းတစ်ကြောင်းကို ကွက်ပြီး ခေတ်ကာလ နောက်ခံ မပါဘဲ အဓိပ္ပာယ်ကောက်ရင် ဘယ်အရာမဆို အကြမ်းဖက်သယောင် မြင်ရမှာပါပဲ။
လူတွေ တွေးခေါ်လာနိုင်တဲ့ ခေတ်မှာ၊ ကျွန်တော်တို့ လုပ်ရမှာက ဘာသာတရားတွေကို အမုန်းတရားနဲ့ မျက်လုံးစုံမှိတ် တိုက်ခိုက်ဖို့ မဟုတ်ဘဲ၊ သမိုင်း၊ ယုတ္တိဗေဒ နဲ့ အကြောင်းအကျိုး ဆက်စပ်မှု တွေကို မှန်မှန်ကန်ကန် လေ့လာသုံးသပ်ဖို့ပဲ ဖြစ်ပါတယ် ခင်ဗျာ။
ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ![]()
ဇိုင်းဒ် မွေးစားသား နှင့် ဇိုင်နဗ် ညီမဝမ်းကွဲ ကို တမန်တော်မြတ်လက်ထပ်ပေးပြီး နောက်ပိုင်းမှ တမန်တော်ကဘာလို့ ဇိုင်နဗ် ကိုလက်ထပ်ခဲ့လည်းဆိုသည့် သမိုင်း
သမိုင်းနဲ့ ဘာသာရေးကျမ်းဂန်တွေကို ဖတ်ရှုတဲ့အခါ စာသား ကိုပဲ တိုက်ရိုက်ဖတ်ပြီး နောက်ခံအကြောင်းတရား နဲ့ အခြားသော သမိုင်းအထောက်အထားတွေကို ချန်လှပ်ထားခဲ့ရင် အခုလိုပဲ အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာတတ်ပါတယ်။ ကျွန်တော်က Data Analysis လုပ်တဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် အချက်အလက်တစ်ခုကို မြင်ရင် အဲ့ဒီ Data တစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်လေ့မရှိပါဘူး။ အခြားသော Data တွေနဲ့ တိုက်ဆိုင်စစ်ဆေး (Cross-check) ပြီးမှ ကောက်ချက်ချပါတယ်။
မိတ်ဆွေ ထောက်ပြထားတဲ့ ကိစ္စနှစ်ခုစလုံးကို သမိုင်းအထောက်အထား၊ ယုတ္တိဗေဒ နဲ့ ကျမ်းဂန်အကိုးအကားတွေနဲ့အတူ တိတိကျကျ ရှင်းပြပေးပါမယ်။
မိတ်ဆွေပြောသလို ဟဒီးဆ် (ဆွဟီးဟ် ဗုခါရီ) မှာ ၆ နှစ်၊ ၉ နှစ် လို့ ဂဏန်းအတိအကျ ရေးထားတာ မှန်ပါတယ်။ ဒါကို ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် သမိုင်းသုတေသနနဲ့ Data Analysis သဘောတရားအရ Data နှစ်ခု ကွဲလွဲနေရင် ဘယ် Data က ပိုခိုင်မာလဲ ဆိုတာကို စစ်ဆေးရပါတယ်။
Data Source ၏ အားနည်းချက်- ၆ နှစ်၊ ၉ နှစ်ဆိုတဲ့ ဟဒီးဆ်တွေကို ဆင့်ပြန်သူ အများစုရဲ့ မူလဇာစ်မြစ်ဟာ ဟစ်ရှာမ် အိဗ်နု အွရ်ဝဟ် (Hisham ibn Urwah) ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးတည်းဆီကနေ လာတာပါ။ သူဟာ မဒီနာမြို့မှာ ၇၁ နှစ် နေထိုင်ခဲ့စဉ်က ဒီအသက်အရွယ်ကို ဘယ်တော့မှ မပြောခဲ့ပါဘူး။ အီရတ်နိုင်ငံ (Kufa) ကို ပြောင်းရွှေ့ပြီး အသက်အရွယ် ကြီးရင့်ချိန်၊ မှတ်ဉာဏ်ချို့ယွင်းလာချိန် (Memory lapse) ရောက်မှသာ ဒီဂဏန်းတွေကို စတင်ပြောဆိုခဲ့တာကို သမိုင်းပညာရှင်တွေက ထောက်ပြထားပါတယ်။
အစ်မဖြစ်သူ အက်စ်မာ (Asma) ၏ အသက်- သမိုင်းပညာရှင် အိဗ်နုကဆီးရ် (Ibn Kathir) အပါအဝင် ခိုင်မာတဲ့ သမိုင်းမှတ်တမ်းတွေအရ အက်စ်မာဟာ အာအေရှာထက် ၁၀ နှစ် ကြီးပါတယ်။ အက်စ်မာဟာ ဟစ်ဂျရသ် (မက္ကာမှ မဒီနာသို့ ပြောင်းရွှေ့ချိန်) တွင် အသက် ၂၇ နှစ် ရှိနေပါပြီ။ ဒါဆိုရင် သင်္ချာနည်းအရ အာအေရှာဟာ ဟစ်ဂျရသ်လုပ်ချိန်မှာ အသက် ၁၇ နှစ် ရှိနေရပါမယ်။ အိမ်ထောင်ပြုချိန်ဟာ ဟစ်ဂျရသ်အပြီး ၁ နှစ် သို့မဟုတ် ၂ နှစ်အကြာမှာ ဖြစ်တဲ့အတွက် အာအေရှာရဲ့ အသက်ဟာ အနည်းဆုံး ၁၈-၁၉ နှစ် ဖြစ်နေပါပြီ။
စစ်ပွဲများတွင် ပါဝင်မှု- ဘဒရ် (Badr) နဲ့ အိုဟုဒ် (Uhud) စစ်ပွဲတွေမှာ အာအေရှာသခင်မဟာ ရေတိုက်တာ၊ လူနာပြုစုတာတွေ လုပ်ခဲ့ပါတယ်။ အစ္စလာမ့်စစ်စည်းကမ်းအရ အသက် ၁၅ နှစ်အောက် ကလေးတွေကို စစ်မြေပြင်ကို လုံးဝ (လုံးဝ) ခေါ်ဆောင်ခွင့် မပြုပါဘူး။ အကယ်၍ သူမသာ ၉ နှစ်အရွယ်ဆိုရင် စစ်မြေပြင်မှာ ရှိနေဖို့ အကြောင်းမရှိပါဘူး။
ကောက်ချက်- ၆ နှစ်၊ ၉ နှစ်ဆိုတဲ့ စာသား ရှိတာ မှန်ပေမယ့်၊ ကျန်တဲ့ ခိုင်မာတဲ့ သမိုင်းဖြစ်ရပ် အားလုံး (Data points) နဲ့ သင်္ချာနည်းကျ တွက်ချက်ကြည့်တဲ့အခါ အဲ့ဒီဂဏန်းဟာ လုံးဝ ကိုက်ညီမှု မရှိပါဘူး။ ဒါဟာ “ဖာထေးတာ” မဟုတ်ပါဘူး။ Data အမှား (Anomaly) ကို ရှာဖွေတွေ့ရှိပြီး သမိုင်းအချက်အလက်တွေနဲ့ ပြန်လည် အတည်ပြုခြင်း (Fact-checking) သာ ဖြစ်ပါတယ်။
ဇိုင်းဒ် (Zayd) နှင့် ဇိုင်နဗ် (Zaynab) တို့၏ ကိစ္စ- မိတ်ဆွေက တမန်တော်မြတ်ဟာ ကိုယ့်မွေးစားသားရဲ့ မိန်းမကို တဏှာစိတ်နဲ့ “ဝိုက်” တယ်လို့ စွပ်စွဲထားပါတယ်။ ဒီစွပ်စွဲချက်ဟာ သမိုင်းနောက်ခံ ကို လုံးဝ မသိတဲ့အတွက် ဖြစ်ပေါ်လာတဲ့ အလွဲကြီးလွဲနေတဲ့ စွပ်စွဲချက်ပါ။
ဇိုင်နဗ် ဆိုတာ ဘယ်သူလဲ? ဆိုရင် ဇိုင်နဗ် (Zaynab bint Jahsh) ဆိုတာ သူစိမ်းမဟုတ်ပါဘူး။ တမန်တော်မြတ်ရဲ့ အဒေါ်အရင်းရဲ့ သမီး (ဝမ်းကွဲ ညီမ) ဖြစ်ပါတယ်။ သူမ ငယ်ငယ်လေးကတည်းက တမန်တော်မြတ် မျက်စိအောက်မှာ ကြီးပြင်းလာတာပါ။ အကယ်၍ တမန်တော်မြတ်က သူမကို တဏှာစိတ်နဲ့ လိုချင်ခဲ့တယ်ဆိုရင်၊ သူမ အပျိုအရွယ်ကတည်းက အလွယ်တကူ လက်ထပ်လို့ ရနေပါတယ်။
ဇိုင်းဒ် (Zayd ibn Harithah) ဆိုတာ တမန်တော်မြတ်က ကျွန်ဘဝကနေ လွတ်လပ်ခွင့်ပေးပြီး မွေးစားထားတဲ့ သားပါ။ အာရေဗျ လူ့အဖွဲ့အစည်းမှာ ဆွေကြီးမျိုးကြီး (ဇိုင်နဗ်) က ကျွန်ဟောင်း (ဇိုင်းဒ်) နဲ့ လက်ထပ်ဖို့ဆိုတာ လုံးဝ လက်မခံနိုင်တဲ့ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှု (Class Discrimination) ကြီး ရှိပါတယ်။ တမန်တော်မြတ်က အဲ့ဒီ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုကို ရိုက်ချိုးဖို့အတွက် သူ့ရဲ့ ဝမ်းကွဲညီမ ဆွေကြီးမျိုးကြီး ဇိုင်နဗ်ကို ကျွန်ဟောင်း ဇိုင်းဒ် နဲ့ တိုက်တွန်းပြီး လက်ထပ်ပေးခဲ့တာပါ။ (ကိုယ်လိုချင်တဲ့ မိန်းမကို တခြားယောက်ျားနဲ့ အတင်း လက်ထပ်ပေးတဲ့ ယောကျ်ား လောကမှာ ရှိပါသလား?)
ဇိုင်နဗ်ဟာ မိသားစုဂုဏ်ကို မာနထားသူဖြစ်လို့ ကျွန်ဟောင်း ဇိုင်းဒ်အပေါ် အမြဲ အထက်စီးက ဆက်ဆံပါတယ်။ သူတို့ အိမ်ထောင်ရေးဟာ အစကတည်းက မသာယာခဲ့ပါဘူး။ ဇိုင်းဒ်က ကွာရှင်းချင်ကြောင်း တမန်တော်မြတ်ထံ အကြိမ်ကြိမ် လာပြောပါတယ်။ တမန်တော်မြတ်က “မင်းမိန်းမကို မင်းထိန်းထားပါ၊ ဘုရားကိုကြောက်ပါ” လို့ အကြိမ်ကြိမ် တားမြစ်ခဲ့ပါတယ်။ (ကုရ်အာန် ၃၃:၃၇ တွင် အတိအလင်း ပါရှိသည်)။ သို့သော် နောက်ဆုံးမှာ သဟဇာတ မဖြစ်တော့ဘဲ ဇိုင်းဒ် ကိုယ်တိုင်က ဇိုင်နဗ်ကို ကွာရှင်းခဲ့ပါတယ်။
အစ္စလာမ်မတိုင်မီ အာရေဗျမှာ “မွေးစားသားကို သွေးသားအရင်းလို” သတ်မှတ်တဲ့ အယူမှား ဓလေ့ ရှိပါတယ်။ အစ္စလာမ်က “မွေးစားသားဟာ သွေးသားအရင်း မဟုတ်ဘူး” (ကုရ်အာန် ၃၃:၄) ဆိုတဲ့ တရားဝင် ဥပဒေကို ပြဋ္ဌာန်းချင်ပါတယ်။
အဲ့ဒီခေတ်က လူ့အဖွဲ့အစည်းမှာ ခိုင်မာနေတဲ့ ရိုးရာဓလေ့ကြီးတစ်ခုကို ဖျက်သိမ်းဖို့ဆိုတာ စာနဲ့ ရေးပြရုံနဲ့ မရပါဘူး။ ခေါင်းဆောင်ကိုယ်တိုင် လက်တွေ့ လုပ်ပြမှ (Lead by example) လူတွေက လက်ခံမှာပါ။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က ဇိုင်းဒ် ကွာရှင်းပြီးသားဖြစ်တဲ့ ဇိုင်နဗ်ကို လက်ထပ်ဖို့ တမန်တော်မြတ်ကို အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီအမိန့်ကျလာတဲ့အခါ တမန်တော်မြတ် အလွန် စိုးရိမ်ပူပန်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု မိတ်ဆွေ စွပ်စွဲသလိုမျိုးပဲ “မုဟမ္မဒ်က သူ့မွေးစားသားရဲ့ မိန်းမကို ယူတယ်” ဆိုပြီး လူ့အဖွဲ့အစည်းက ကဲ့ရဲ့ကြမှာကို သိနေလို့ပါ။ ဒါပေမယ့် ဘုရားသခင်ရဲ့ ဥပဒေသစ်ကို လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်သွားစေဖို့အတွက် လူတွေရဲ့ ကဲ့ရဲ့မှုကို ခံယူပြီး လက်ထပ်ခဲ့ရတာ ဖြစ်ပါတယ်။
မိတ်ဆွေ… သမိုင်းဆိုတာ အပေါ်ယံ စာကြောင်းတစ်ကြောင်းကို ဖတ်ပြီး ကောက်ချက်ချလို့ မရပါဘူး။
ဇိုင်နဗ်ဟာ သူစိမ်းမဟုတ်၊ ငယ်ငယ်ကတည်းက မြင်လာတဲ့ ဝမ်းကွဲညီမပါ။
တမန်တော်ကိုယ်တိုင် သူတို့ကို အတင်း လက်ထပ်ပေးခဲ့တာပါ။
ဇိုင်းဒ် ကွာရှင်းမယ်လုပ်တော့ တမန်တော်က တားခဲ့ပါသေးတယ်။
ရည်ရွယ်ချက်က “မွေးစားသားဆိုတာ သွေးသားအရင်း မဟုတ်ဘူး” ဆိုတဲ့ ဥပဒေကို ပြဋ္ဌာန်းဖို့ သက်သက်သာ ဖြစ်ပါတယ်။
ဒီလို အချက်အလက်တွေ၊ အကြောင်းအကျိုး ဆက်စပ်မှု (Cause and Effect) တွေကို သေချာ လေ့လာကြည့်ရင် မိတ်ဆွေစွပ်စွဲသလို “တဏှာစိတ်” ဆိုတာ လုံးဝ မဟုတ်ဘဲ၊ လူ့အဖွဲ့အစည်းရဲ့ အယူမှား ဓလေ့စရိုက်တွေကို ပြုပြင်ပြောင်းလဲတဲ့ “လူမှုရေး တော်လှန်ရေး (Social Reform)” တစ်ခုသာ ဖြစ်တယ်ဆိုတာကို အသိဉာဏ်ရှိသူတိုင်း မြင်တွေ့နိုင်ပါတယ်။
ကျွန်တော်တို့ဟာ တစ်ခုခုကို ဝေဖန်တော့မယ်ဆိုရင် အမုန်းတရားကို ရှေ့တန်းမတင်ဘဲ၊ အချက်အလက်တွေကို သုတေသနပြုလုပ်ပြီး ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာဖို့ အကြံပြုပါရစေခင်ဗျာ။
တမန်တော်မြတ်ကြီး ကြင်ယာတော်အများ ယူခဲ့သည့်အကြောင်း သမိုင်း
အစ္စလာမ်သာသနာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ အမုန်းတရားဖြန့်ဝေသူတွေ အများဆုံး အသုံးပြုလေ့ရှိတဲ့ တိုက်ခိုက်မှုတစ်ခုကတော့ “တမန်တော်မြတ် မုဟမ္မဒ် (صلى الله عليه وسلم) ၏ အိမ်ထောင်ရေးများ (ကြင်ယာတော် အများအပြား ရှိခဲ့ခြင်း)” ကိစ္စပဲ ဖြစ်ပါတယ်။
ဒီကိစ္စကို ခေတ်သစ် (၂၁ ရာစု) ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး မှန်ဘီလူးတပ်ပြီး ကြည့်တဲ့အခါ၊ ဒါမှမဟုတ် အမုန်းတရား ကို ရှေ့တန်းတင်ပြီး သမိုင်းအချက်အလက်တွေကို ကွက်ကွက်လေးပဲ ဆွဲထုတ်ပြတဲ့အခါ သာမန်ပြည်သူတွေအကြားမှာ အထင်အမြင် လွဲမှားမှုတွေ အလွယ်တကူ ဖြစ်ပေါ်လာတတ်ပါတယ်။
ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာသာတရားအားလုံးက မိတ်ဆွေများပါ ယုတ္တိဗေဒကျကျ စဉ်းစားဆင်ခြင်နိုင်စေဖို့၊ သမိုင်းကြောင်း၊ လူမှုရေး၊ နိုင်ငံရေးနဲ့ ဘာသာတရားများရဲ့ ရှုထောင့်အစုံကနေ ဓမ္မဓိဋ္ဌာန်ကျကျ ရှင်းလင်း တင်ပြပေးပါရစေ။
တမန်တော်မြတ်ဟာ ကာမဂုဏ်တပ်မက်မှုကြောင့် မိန်းမများစွာ ယူခဲ့တယ်လို့ စွပ်စွဲသူတွေဟာ အလွန် ထင်ရှားတဲ့ သမိုင်းအချက်အလက် တစ်ခုကို တမန်သက်သက် ဖုံးကွယ်ထားကြပါတယ်။
တမန်တော်မြတ်ဟာ အသက် ၂၅ နှစ်အရွယ်မှာ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့၊ ကလေးအမေ မုဆိုးမတစ်ဦးဖြစ်သူ ခဒီးဂျာ သခင်မကြီးကို လက်ထပ်ခဲ့ပါတယ်။
အာရေဗျကျွန်းဆွယ်မှာ ဇနီးမယား အရေအတွက် အကန့်အသတ်မရှိ ယူလို့ရတဲ့ ခေတ်ကြီးထဲမှာ၊ တမန်တော်မြတ်ဟာ သူ့ဘဝရဲ့ အနုပျိုဆုံးနဲ့ အသန်စွမ်းဆုံး အချိန်ကာလ (အသက် ၂၅ မှ ၅၀ အထိ) နှစ်ပေါင်း ၂၅ နှစ်တိုင်တိုင် ခဒီးဂျာ သခင်မကြီး တစ်ဦးတည်းနဲ့သာ တစ်လင်တစ်မယားစနစ် (Monogamy) နဲ့ နေထိုင်သွားခဲ့ပါတယ်။
ခဒီးဂျာ သခင်မကြီး ကွယ်လွန်သွားတဲ့ အချိန်မှာ တမန်တော်မြတ်ရဲ့ အသက်ဟာ ၅၀ ကျော်နေပါပြီ။
စဉ်းစားကြည့်ပါ- အကယ်၍သာ လူတစ်ယောက်ဟာ ကာမဂုဏ်ကို မက်မောသူဖြစ်ခဲ့ရင်၊ တရားဝင် ယူခွင့်ရှိနေတဲ့ ခေတ်ကြီးမှာ၊ သူ့ဘဝရဲ့ အသန်စွမ်းဆုံး လူငယ်ဘဝ နှစ်ပေါင်း ၂၅ နှစ်လုံးလုံး အသက် ၁၅ နှစ်ကြီးတဲ့ မုဆိုးမ (ကလေးအမေ) ဇနီးသည် တစ်ဦးတည်းနဲ့သာ ရောင့်ရဲတင်းတိမ်ပြီး နေထိုင်သွားပါ့မလား? ဒီအချက်တစ်ခုတည်းနဲ့တင် “တပ်မက်မှုကြောင့်” ဆိုတဲ့ စွပ်စွဲချက်ဟာ ယုတ္တိဗေဒအရ လုံးဝ ပြိုကျသွားပါပြီ။
အသက် ၅၀ ကျော်ပြီး မဒီနာမြို့ကို ပြောင်းရွှေ့ပြီးနောက်ပိုင်း (နိုင်ငံတော် တည်ဆောက်ရေးနဲ့ စစ်မက်ကာလ) တွေမှာမှ တမန်တော်မြတ်ဟာ နောက်ထပ် အိမ်ထောင်တွေ ပြုခဲ့တာပါ။ အဲ့ဒီ အိမ်ထောင်ရေးတွေရဲ့ ၉၀% ဟာ အပျိုကညာတွေ မဟုတ်ဘဲ၊ ခင်ပွန်းသေဆုံးသွားတဲ့ မုဆိုးမတွေ၊ တခုလပ်တွေ၊ ကလေးအမေတွေ၊ အသက်အရွယ် ကြီးရင့်သူတွေ ဖြစ်ပါတယ်။ ဘာကြောင့်လဲ?
က) အစောပိုင်း အစ္စလာမ်ခေတ်မှာ မွတ်စလင်တွေဟာ အကြိမ်ကြိမ် တိုက်ခိုက်ခံရပြီး စစ်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အမျိုးသား အများအပြား ကျဆုံးခဲ့တဲ့အတွက် အမျိုးသမီးတွေဟာ မုဆိုးမတွေ ဖြစ်ကုန်ပြီး၊ ကလေးတွေက မိဘမဲ့ ဖြစ်ကုန်ပါတယ်။ ထိုခေတ်က အမျိုးသမီးတွေဟာ ခင်ပွန်းမရှိရင် ရပ်တည်ဖို့ အလွန်ခက်ခဲပါတယ်။
ဥပမာ – စောဒါ (Sawda) သခင်မ ဆိုရင် ခင်ပွန်းဆုံးပါးသွားချိန်မှာ အသက်အရွယ် ကြီးရင့်နေပြီး သွားစရာ နေရာမရှိဖြစ်နေလို့ တမန်တော်မြတ်က ကာကွယ်စောင့်ရှောက်ဖို့ လက်ထပ်ခဲ့တာပါ။ အွမ္မုစလမာ (Umm Salama) ဆိုရင်လည်း ကလေးတွေနဲ့ ဒုက္ခရောက်နေတဲ့ မုဆိုးမတစ်ဦး ဖြစ်လို့ တာဝန်ယူ စောင့်ရှောက်ပေးခဲ့တာ ဖြစ်ပါတယ်။
ခ) ရှေးခေတ် လူ့အဖွဲ့အစည်းတွေမှာ (မြန်မာ့သမိုင်းက ရှင်ဘုရင်တွေ အပါအဝင်) လက်ထပ်ထိမ်းမြားခြင်းဟာ မဟာမိတ်ဖွဲ့ခြင်းနဲ့ စစ်ပွဲတွေကို ရပ်တန့်စေတဲ့ အကောင်းဆုံး သံတမန်ရေးရာ လက်နက် ဖြစ်ပါတယ်။
ဥပမာ – ဂျုဝိုင်ရီယာ (Juwayriya) နဲ့ ဆွာဖီယာ (Safiyya) တို့ဟာ မွတ်စလင်တွေနဲ့ စစ်ဖြစ်နေတဲ့ မျိုးနွယ်စု ခေါင်းဆောင်တွေရဲ့ သမီးတွေ ဖြစ်ပါတယ်။ တမန်တော်မြတ်က သူတို့ကို လက်ထပ်လိုက်တဲ့အခါ၊ အဲ့ဒီ မျိုးနွယ်စုကြီး တစ်ခုလုံးဟာ တမန်တော်မြတ်ရဲ့ ဆွေမျိုးတွေ ဖြစ်သွားပြီး၊ ရန်သူဘဝကနေ မဟာမိတ်တွေ အဖြစ် ပြောင်းလဲသွားကာ သွေးထွက်သံယို စစ်ပွဲတွေ ရပ်တန့်သွားခဲ့ပါတယ်။ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်။
ဂ) တမန်တော်မြတ်ရဲ့ ဘဝ (၂၄) နာရီလုံးဟာ သာသနာပါ။ အပြင်ဘက်က ကိစ္စတွေကို အမျိုးသားတွေက မြင်တွေ့ မှတ်သားနိုင်ပေမယ့်၊ မိသားစု အိမ်တွင်းရေး၊ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ သန့်ရှင်းစင်ကြယ်မှု၊ ဥပဒေ ပြဋ္ဌာန်းချက်တွေကို အမျိုးသမီးတွေ ကိုယ်တိုင် သင်ယူပြီး တခြား အမျိုးသမီးတွေကို ပြန်လည် ပို့ချပေးဖို့ လိုအပ်ပါတယ်။
ဒီတာဝန်ကို ထမ်းဆောင်ဖို့ ဉာဏ်ရည်ထက်မြက်တဲ့ အာအေရှာ (Aisha) သခင်မကို လက်ထပ်ခဲ့တာ ဖြစ်ပြီး၊ နောင်တစ်ချိန်မှာ အာအေရှာ သခင်မဟာ အစ္စလာမ်သာသနာရဲ့ အကြီးကျယ်ဆုံးသော ပညာရှင် တစ်ဦးအဖြစ် သာသနာကို လမ်းညွှန်ပြသပေးနိုင်ခဲ့ပါတယ်။
ကမ္ဘာ့ဘာသာတရားများ၏ သမိုင်းကြောင်းနှင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင်…
ဒီကိစ္စကို ဘာသာတရား ခွဲခြားမှု (Prejudice) မပါဘဲ ကမ္ဘာ့ဘာသာတရားတွေရဲ့ သမိုင်းကြောင်း (History of Religions) ဘက်ကနေ ကြည့်ရင် ပိုပြီး ရှင်းလင်းသွားပါလိမ့်မယ်။
ခရစ်ယာန် နှင့် ဂျူးဘာသာဝင်များ လေးစားရသော ပရောဖက်များ- သမ္မာကျမ်းစာ (Bible) နဲ့ တိုရာ (Torah) တွေအရ၊ ဘုရားသခင်ရဲ့ ချစ်မြတ်နိုးခြင်းခံရတဲ့ ပရောဖက်ကြီးတွေ (တမန်တော်တွေ) ဟာလည်း ဇနီးမယား အများအပြား ရှိခဲ့ကြပါတယ်။
အာဗြဟံ (Abraham – အီဗရာဟင်မ်) ဆိုရင် ဇနီး ၃ ဦး (ဆာရာ၊ ဟာဂရ၊ ခေတုရာ) ရှိခဲ့ပါတယ်။
ယာကုပ် (Jacob – ယာကွတ်ဘ်) ဆိုရင် ဇနီး ၄ ဦး ရှိခဲ့ပါတယ်။
ဒါဝိဒ်မင်းကြီး (King David – ဒါဝူးဒ်) ဆိုရင် ဇနီးမယား အများအပြား ရှိခဲ့ပါတယ်။
ရှောလမုန်မင်းကြီး (King Solomon – ဆူလိုင်မန်) ဆိုရင် ဇနီး မိဖုရား ၇၀၀၊ မောင်းမ ၃၀၀ ရှိခဲ့တယ်လို့ ဓမ္မဟောင်းကျမ်း (၁ ဘုရင်မများ ၁၁:၃) မှာ ဖော်ပြထားပါတယ်။
ဆိုလိုရင်းက ဘာလဲ? ဆိုရင် ခရစ်ယာန်၊ ဂျူး နဲ့ အစ္စလာမ် ဘာသာတရား သုံးခုစလုံးက အထွတ်အမြတ်ထားတဲ့ ဒီပရောဖက်ကြီးတွေ ဇနီးများပြားခဲ့တာဟာ “ကာမဂုဏ်တပ်မက်လို့” လို့ ဘယ်သူကမှ မစွပ်စွဲကြပါဘူး။ အဲ့ဒီခေတ်ကာလရဲ့ လူမှုရေး ဖွဲ့စည်းတည်ဆောက်ပုံ (Social Structure)၊ မျိုးနွယ်စုတွေ ချဲ့ထွင်ခြင်း၊ မဟာမိတ်ဖွဲ့ခြင်း နဲ့ ဘုရားသခင်ရဲ့ စီမံကိန်းတွေအရ လိုအပ်ချက်ကြောင့် လုပ်ဆောင်ခဲ့ကြတာကို အားလုံးက နားလည် လက်ခံကြပါတယ်။ ဒါဆိုရင် ဘာကြောင့် တမန်တော် မုဟမ္မဒ် (صلى الله عليه وسلم) အလှည့်ကျမှ မျက်မှန်စိမ်းတပ်ပြီး “တပ်မက်မှု” လို့ စွပ်စွဲရပါသလဲ? ဒါဟာ မရိုးသားတဲ့ (Double Standard) ဝေဖန်မှုသာ ဖြစ်ပါတယ်။
တကယ်တမ်း သမိုင်းမှာ အကန့်အသတ်မရှိ မိန်းမယူနေတဲ့ ခေတ်ကြီးကို “အများဆုံး (၄) ဦးသာ ယူရမည်၊ ၎င်းတို့အကြား တရားမျှတစွာ မထားနိုင်ပါက တစ်ဦးတည်းသာ ယူရမည်” လို့ ဥပဒေနဲ့ တင်းကျပ်စွာ ကန့်သတ်ပေးလိုက်တာဟာ အစ္စလာမ်သာသနာပဲ ဖြစ်ပါတယ်။ တမန်တော်မြတ်ရဲ့ အိမ်ထောင်ရေးတွေကတော့ သာသနာ့အကျိုး၊ နိုင်ငံရေးအကျိုးအတွက် အလ္လာဟ်အရှင်မြတ်ရဲ့ သီးသန့် ခွင့်ပြုချက် (Divine exception) နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
မိတ်ဆွေများခင်ဗျာ…
လူတစ်ယောက်ရဲ့ ဘဝ၊ သမိုင်းတစ်ခုရဲ့ အဖြစ်အပျက်တွေကို အကဲဖြတ်တဲ့အခါ၊ အပေါ်ယံ စာသားလေး တစ်ကြောင်း၊ နှစ်ကြောင်းကိုဖတ်ပြီး ကောက်ချက်ချလိုက်တာဟာ ပညာမဲ့ရာ ရောက်ပါတယ်။ “Cause and Effect (အကြောင်းနဲ့ အကျိုး)”၊ “Historical Context (သမိုင်း နောက်ခံ အခြေအနေ)” တွေကို ထည့်သွင်း စဉ်းစားမှသာ အမှန်တရားကို မြင်နိုင်မှာပါ။
ဗုဒ္ဓမြတ်စွာဘုရားက “ယောနိသော မနသိကာရ” (သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းခြင်း / အကျိုးအကြောင်း ဆင်ခြင်ခြင်း) ရဲ့ အရေးကြီးပုံကို ဟောကြားခဲ့ပါတယ်။ သူတစ်ပါး တိုက်ခိုက်ရေးသားတိုင်း လိုက်ယုံနေမယ့်အစား၊ အသိဉာဏ်နဲ့ ဆင်ခြင် သုံးသပ်ကြည့်ဖို့ လိုအပ်ပါတယ်။
တမန်တော်မြတ် (صلى الله عليه وسلم) ရဲ့ အိမ်ထောင်ရေးတွေဟာ မိန်းမမက်လို့ မဟုတ်ဘဲ၊ မုဆိုးမတွေကို ကယ်တင်စောင့်ရှောက်ရန်၊ ရန်သူတွေကို မိတ်ဆွေဖြစ်အောင် သံတမန်နည်းအရ မဟာမိတ်ဖွဲ့ရန်၊ သာသနာ့ အသိပညာများ ဖြန့်ဝေရန် စတဲ့ မြင့်မြတ်တဲ့ နိုင်ငံတော် တည်ဆောက်ရေး၊ လူမှုရေး ကယ်တင်ရေး ရည်ရွယ်ချက်များ ဖြင့်သာ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာကြည့်ရင် တွေ့မြင်နိုင်ပါတယ် ခင်ဗျာ။
မတူညီတဲ့ ယုံကြည်မှုတွေကြားမှာ အမုန်းတရားတွေအစား၊ မှန်ကန်တဲ့ လေ့လာမှု၊ နားလည်မှုတွေနဲ့ အပြန်အလှန် လေးစားမှုတွေ တည်ဆောက်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။
Comments မှ မေးမြန်းမှုများကို ဖြေကြားပြီးပါက ဤနေရာတွင် ဖြည့်စွက်ပါမည်။
=======================
နိဂုံးချုပ်အနေကတော့- မိတ်ဆွေ ပြည်သူများခင်ဗျာ… ဘာသာတရားဆိုတာ လူသားတွေကို ယဉ်ကျေးအောင်၊ မေတ္တာထားတတ်အောင်၊ ဒုက္ခရောက်နေသူကို စာနာတတ်အောင် သွန်သင်ပေးတဲ့ အရာပါ။ ကိုယ့်ဘာသာတရားကို ချစ်မြတ်နိုးတယ်ဆိုရင် ကိုယ့်ရဲ့ အပြုအမူ၊ အပြောအဆို၊ စိတ်နေသဘောထားတွေဟာ ယဉ်ကျေး မြင့်မြတ်နေရပါမယ်။ သူတစ်ပါးရဲ့ အထွတ်အမြတ်ကို ဆဲဆို လှောင်ပြောင်နေခြင်းဟာ မိမိ ကိုးကွယ်တဲ့ ဘာသာတရားကို ဂုဏ်တင်ရာ မရောက်ဘဲ၊ မိမိရဲ့ နှလုံးသားထဲမှာ အမုန်းတရားတွေ ပြည့်နှက်နေကြောင်း သက်သေပြနေခြင်းသာ ဖြစ်ပါတယ်။
အစ္စလာမ်ဘာသာဝင် ညီအစ်ကို မောင်နှမများကိုလည်း အကြံပြုချင်တာကတော့- ဒီလို စိတ်နာစရာကောင်းတဲ့ အမုန်းစကားတွေကို ဒေါသနဲ့ တုံ့ပြန်မယ့်အစား၊ လစ်လျူရှုခြင်း၊ သည်းခံခြင်း နဲ့ မိမိတို့ရဲ့ ကောင်းမွန်တဲ့ အကျင့်စရိုက် တွေကတစ်ဆင့်သာ အကောင်းဆုံး တုံ့ပြန်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ (အမိုက်အမဲတွေနဲ့ ငြင်းခုံခြင်းကို ရှောင်ကြဉ်ပါ လို့ ကုရ်အာန်က သွန်သင်ထားပါတယ်)။
အသိဉာဏ်ရှိတဲ့ ပြည်သူတစ်ရပ်လုံး အနေနဲ့လည်း ဒီလို စိတ်ဝမ်းကွဲစေမယ့် အမုန်းစကား တွေကို ထပ်ဆင့် မျှဝေခြင်း၊ အားပေးထောက်ခံခြင်းတွေ မလုပ်ကြဘဲ၊ လူသားချင်း စာနာထောက်ထားမှု၊ အပြန်အလှန် လေးစားမှုတွေနဲ့သာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးကို ငြိမ်းချမ်းအောင် တည်ဆောက်သွားကြပါစို့လို့ အလေးအနက် တိုက်တွန်း နှိုးဆော်အပ်ပါတယ်ခင်ဗျာ။
မေတ္တာ၊ ကရုဏာတရားများဖြင့်…
လေးစားစွာဖြင့် ![]()
ဇင်နောင်နောင်သက်