Allah swt had already answered @ surah al-kafirun
Here is the English translation:
Say, “O disbelievers,
I do not worship what you worship.
Nor are you worshippers of what I worship.
Nor will I be a worshipper of what you worship.
Nor will you be worshippers of what I worship.
For you is your religion, and for me is my religion.”
ငါသည် အသင်တို့ ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်သည် မဟုတ်ပေ။
၎င်းပြင် အသင်တို့သည်လည်း ငါ ကိုးကွယ်လျက်ရှိသော ကိုးကွယ်ရာကို ကိုးကွယ်ဆည်းကပ်ကြသူများ မဟုတ်ပေ။
ထို့ပြင် ငါသည် အသင်တို့ ကိုးကွယ်ကြကုန်သော ကိုးကွယ်ရာများကို ကိုးကွယ်ဆည်းကပ်မည့်သူ မဟုတ်ပေ။
ထိုနည်းတူစွာ အသင်တို့သည်လည်း ငါ ကိုးကွယ်သော ကိုးကွယ်ရာကို ကိုးကွယ်ဆည်းကပ်ကြမည့်သူများ မဟုတ်ပေ။
(စင်စစ်မှာကား) အသင်တို့အဖို့ အသင်တို့၏အကျိုး၊ လမ်းစဉ်၊ သာသနာဖြစ်၍ ငါ၏အဖို့ ငါ၏ အကျိုး၊ လမ်းစဉ်၊ သာသနာပင်ဖြစ်ပေသည်။
လိုင်းပေါ်မှာလေ… ဘာသာရေးနဲ့ ပတ်သတ်ပြီး အငြင်းအခုံဖြစ်ကြတဲ့ ပိုစ့်တွေအောက်က ကွန်မန့်တွေကို ဖတ်ကြည့်ဖူးမယ် ထင်တယ်…။
အချင်းချင်း လော့ဂျစ်တွေ၊ သမိုင်းအထောက်အထားတွေနဲ့ ပစ်ပေါက်ပြီး ငြင်းကြတာ၊ ငြင်းကြတာ ဆိုတာ… နူးနူးညံ့ညံ့ ရှင်းပြတဲ့သူတွေရော… ရိုင်းရိုင်းစိုင်းစိုင်း ဆဲထားတဲ့ ကွန်မန့်တွေ အစုံ ပဲ…။
ဒါပေမယ့် သတိထားမိလား…?
ဘယ်တုန်းကမှ… “ဪ… ဟုတ်သားပဲ…. မင်းပြောတာ မှန်သားပဲနော်…” ဆိုပြီး လက်ခံသွားတဲ့လူ တစ်ယောက်တောင် မရှိဘူး။
ငြင်းကြလေလေ၊ ရန်လိုကြလေလေ၊ ပြဿနာ ပိုကြီးလေလေပါပဲ။
ဒီ Topic က အရမ်း sensitive ဖြစ်လွန်းတဲ့အတွက် ကျွန်တော် သုံးရက်လောက် အချိန်ယူပြီး အသေချာ အခိုင်အမာရေးပြီးမှ တင်တာဖြစ်ပါတယ်…။
…
လူတွေ က ကိုယ့်ယုံကြည်ထားတဲ့ ဘာသာတရားနဲ့ ပတ်သတ်လာရင် ကိုယ့်ရဲ့ Identity (ဒါဟာ ငါ့ဘာသာ၊ ငါဟာ ဒီ ဘာသာဝင်ဖြစ်တယ်) ဆိုတဲ့ ခံယူချက်မျိူး ရှိကြတယ်…။
တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ ဘာသာ ကို တို-က်ခို-က်လာပြီဆို… “ဒါ ငါ့အယူအဆ ကို ထိခိုက်နေတယ်” လို့ မတွေးဘဲ…
“ငါ့ရဲ့ existence (ငါ့ ဖြစ်တည်မှု) ကို လာပြီး ထိပါးနေတာပါလား” လို့ ခံစားလိုက်ရပါတယ်…။ အဲ့ဒါကြောင့် ကာကွယ်လိုစိတ် ချက်ချင်းဖြစ်ပြီး ဒေါသ ထွက်ကြတာပါပဲ။
အဲ့ဒီ ဒေါသတွေ၊ အငြိုးအတေး အမှားကြီးတွေကို ဓာတ်ပျယ်စေဖို့ … အဓိက က Faith (ယုံကြည်ခြင်း) ဆိုတဲ့ တစ်ချက် ကလေးကိုပဲ နားလည်ဖို့ လိုတာပါ…။
အဲ့ဒီ Faith အကြောင်းကို သတိထားမိကြမယ် ဆိုရင်… ဘာ အငြင်းပွားစရာမှ ရှိလာမှာ မဟုတ်ဘူး။
…
၁)- Logic (ယုတ္တိ) နဲ့ Faith (ယုံကြည်မှု)
လူတွေက ဘာသာရေးကို Logic (ယုတ္တိဗေဒ) နဲ့ မကိုင်တွယ်ဘူး။ Faith (ယုံကြည်မှု) တွေနဲ့ ကိုင်တွယ်ပါတယ်…။
Logic က အကျိူးအကြောင်း၊ သက်သေအထောက်အထားတွေ၊ သိပ္ပံနည်းကျ အချက်အလက်တွေ လိုအပ်ပေမယ့်…
Faith ဆိုတဲ့ ယုံကြည်မှုကတော့ သက်သေမလိုဘဲ “ယုံကြည်ခြင်း” ဆိုတဲ့အပေါ်မှာပဲ တည်ဆောက်ထားပါတယ်…။
ဒါကို နည်းနည်းလေး ထပ်ရှင်းရအောင်…။
စာရေးသူ ကျွန်တော်က အစ္စလာမ်ဘာသာဝင် ဖြစ်တာကြောင့်… အစ္စလာမ်ဘာသာတရားမှာ လက်ခံယုံကြည်ထားတဲ့ Faith တစ်ခုနဲ့ ဥပမာပေးပါမယ်…။
အစ္စလာမ်ဘာသာဝင်တို့ရဲ့ စံပြပုဂ္ဂိုလ်ဖြစ်တဲ့ တမန်တော် Muhammed (Peace be upon him) ဟာ ညတစ်ညမှာ အစီးအနင်း တစ်ခုနဲ့ မက္ကာ၊ မဒီနဟ်မြို့တွေအပြင် ကောင်းကင်ဘုံထိ ခရီးထွက်ခဲ့တယ် လို့ ဆိုထားတယ်…။
သိပ္ပံနည်းကျ၊ Logic ကျကျ တွေးကြည့်ရင်… ဒီလောက် ဝေးတဲ့ခရီး ဘယ့်နှယ်လုပ် တစ်ညတည်းနဲ့ သွားလို့ ရမှာလဲ…? လေယာဉ် မပေါ်သေးတဲ့ခေတ်မှာ… ကောင်းကင်ဘုံကို ဘာစီးပြီးသွားတာလဲ…? ဘယ်လို ကောင်းကင်ဘုံလဲ? ဆိုတဲ့ မေးခွန်းအများကြီးနဲ့ စောဒက တက်စရာတွေဖြစ်ပါတယ်…။
ရူပဗေဒ သဘောတရားအရ မဖြစ်နိုင်ဘူးဆိုပေမယ့်… Faith ဆိုတဲ့ ပေတံနဲ့ ပြောင်းပြီး တိုင်းတာလိုက်တဲ့အခါမှာ… ဖန်ဆင်းရှင်ရဲ့ တန်ခိုးတော်ကြောင့် ဖြစ်လာတယ်… ဆိုတဲ့ အဖြေကို ရပါတယ်…။ ဒီအဖြေတစ်ခုတည်းကပဲ ဘာသာဝင်တွေရဲ့ ရင်ထဲမှာ အပြည့်အဝ ယုံကြည်ထားပြီး ဖြစ်ပါတယ်…။
How? (ဘယ်လိုလဲ?) ဆိုတဲ့ မေးခွန်းကိုလည်း Islam ဘာသာဝင်တွေက စိတ်မဝင်စားပါဘူး။ ဘာလို့ဆို ဒါဟာ သိပ္ပံသင်နေရတာ မဟုတ်ဘဲ… ဘာသာရေး ကို ယုံကြည်တယ် လို့ သတ်မှတ်ပြီးသား မို့လို့ပါ။
…
တက္ကသိုလ်တက်တုန်းက (တတိယနှစ်လား၊ နောက်ဆုံးနှစ်လား မမှတ်မိ) မြန်မာစာမှာ… ရဟန္တာ ရှင်မောဂ္ဂလန်က နန္ဒောပနန္ဒ နဂါးမင်းကို ဆုံးမတော် မူခန်း ဆိုတဲ့ စာတစ်ပုဒ် သင်ခဲ့ရဖူးတယ်…။
ဒါဟာ ဘာသာရေးနဲ့ ပတ်သတ်ပါတယ်…။ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားထဲက Faith တစ်ခုပဲ။
ဒါတွေက ဘယ်လိုဖြစ်နိုင်တာလဲ? How? ဆိုတဲ့ မေးခွန်းကို ဆက်မေးစရာကို မရှိသလို မေးဖို့လည်း မလိုပါဘူး…။
ဘာသာရေးမှာ သိပ္ပံနည်းကျ သက်သေပြလို့ ရတဲ့ အထောက်အထားတွေ ရှိသလို… သက်သေပြလို့ မရတာတွေလည်း ရှိနိုင်တယ်…။ သိပ္ပံနည်းကျ သက်သေပြလို့ မရတိုင်း အားနည်းချက်လို့ မဆိုနိုင်ဘူး။ ဘာလို့ ဆိုတော့ ဘာသာရေးက အချိန်တိုင်းမှာ သိပ္ပံ မဖြစ်နိုင်လို့ပါ။
ဗုဒ္ဓဘာသာဖြစ်လို့ ဗုဒ္ဓရဲ့ အဆုံးအမနဲ့ အဆိုပြုချက်တွေကို ယုံကြည်ထားတာ…။
ခရစ်ယျာန် ဘာသာဖြစ်လို့ကို ခရစ်ယျာန်ရဲ့ ပြဌာန်းချက်တွေကို လက်ခံထားတာပါ…။
တခြား ဘာသာတွေလည်း ဒီတိုင်းပါပဲ။ အရမ်းရှင်းပါတယ်…။
ဒါကို ယုတ္တိဗေဒအရ၊ ဇီဝဗေဒအရ၊ သတ္တဗေဒအရ၊ ရူပဗေဒအရ… ဆင်ခြင်ပြီးမှ ယုံလိုက်မယ် ဆိုရင်… အဲ့ဒါ ယုံကြည်မှု Faith ဖြစ်လာမှာ မဟုတ်ဘူး။
ဘာသာတရားထဲက အဆိုတွေကို Logic နဲ့ လိုက်ပြီး တိုင်းနေတာက ဘာနဲ့ တူသလဲ ဆိုတော့… ရေနွေးရဲ့ အပူချိန်ကို ပေတံနဲ့ တိုင်းနေတာနဲ့ တူတယ်…။
ဒါဟာ ရေနွေးမပူလို့ မဟုတ်ဘူး.. တိုင်းတာတဲ့ Tool မှား နေတာဖြစ်လို့ လိုချင်တဲ့ အဖြေလည်း ထွက်မလာမှာပါ။
ဘုရားသခင် ရှိမရှိ၊ နောင်ဘဝရှေ့ဘဝတွေ ရှိမရှိကို Logic တွေနဲ့ လိုက်တိုင်းနေတာက… ရေနွေးအပူချိန်ကို ပေတံနဲ့ တိုင်းနေသလိုပဲ။
ယုံကြည်ကိုးကွယ်မှုကို နေရာတကာမှာ Logic နဲ့ တိုင်းလို့ မရဘူး။
အငြင်းပွားတဲ့ ကိစ္စတွေက …
“ငါ့စာအုပ်ကသာ အမှန်တရားတွေကို ရေးထားတာ… မင်း စာအုပ်က ပုံပြင်တွေ၊ ဒဏ္ဍာရီတွေချည့်ပဲ…. ဘယ်မှာလဲ Logic?” …. လို့ တစ်ဖက်ပိတ် ဆန်ဆန် ငြင်းနေကြတာပါပဲ။
တကယ်က ဘာသာရေးအချက်အလက်တိုင်းကို Logic နဲ့ ကိုင်တွယ်လို့ ကို မရတာပါ။
…
၂)- တစ်ဖက်လူရဲ့ ယုံကြည်မှုကို စိန်ခေါ်ခြင်း
ဘာသာရေးအကြောင်းကို ပုတ်ခတ်ပြောဆိုတာက – လူတစ်ယောက်ရဲ့ အခိုင်အမာ ယုံကြည်ပြီးသား အချက်တစ်ခုကို စိန်ခေါ်လိုက်သလို ဖြစ်စေတယ်…။
“မင်းဘာသာက ဘယ်လို ဘယ်ပုံ ဖြစ်တယ်…” လို့ Challenge လုပ်လိုက်တဲ့အခါမှာ… အဲ့ဒီလူက ပြောတဲ့စကားကို လက်ခံသွားမှာ မဟုတ်ဘဲ… သူ့ရဲ့ မူလယုံကြည်ချက်ကို တင်းတင်းကြပ်ကြပ် ပိုပြီး ဖက်တွယ်လိုက်တာမျိူး။
လောင်နေတဲ့မီးကို ရေနဲ့ မငြိမ်းဘဲ ဓာတ်ဆီ သွားဖြန်းသလိုပေါ့…။
ကိုယ်က Logic နဲ့ တိုက်လေ… သူ့ရဲ့ ကာကွယ်လိုစိတ်က ပိုမြင့်လေ ဖြစ်ပြီး နောက်ဆုံးမှာ ရန်စကားတွေ ပြောကြတော့တာပဲ။
သတိထားကြည့်ပါ။ ဘာသာရေးနဲ့ ပတ်သတ်တဲ့ ငြင်းခုံမှုတွေမှာ လူတွေရှာနေတာက အမှန်တရားမဟုတ်ဘူး။ အနိုင် (winning) ကို ရှာကြတာပါ။
“ငါ့ဘက်က နိုင်မှ ငါမှန်တယ် လို့ ခံစားရမယ်…။ ဒါမှ ငါ့ဘာသာကို ကာကွယ်ရာရောက်မယ်…။ ဒီတော့မှ ငါဖက်တွယ်ထားတဲ့ ဘာသာတရားက အမှန် ဖြစ်မယ်…” ဆိုတဲ့ ego တွေ ပါလာကြတယ်…။
အဲ့ဒါကြောင့် ဘာသာရေးနဲ့ ပတ်သတ်လာရင် သဘောထားကွဲလွဲနေတာကို လက်ခံလိုက်တာမှ အကောင်းဆုံး အဖြေပါပဲ။
သူ့ဘာသာ၊ သူ့ယုံကြည်မှုနဲ့ သူ ငြိမ်းချမ်းပါစေ။
ကိုယ့်ဘာသာ၊ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ငြိမ်းချမ်းပါ။
ဘာသာရေးအကြောင်းကို တကယ်နားလည်တဲ့လူတွေကလည်း အငြင်းပွားတဲ့ ပိုစ့်တွေကို ဖတ်ဖြစ်ရင် ရယ်စရာကွန်မန့်တွေ့ရင် ရယ်ပြီး ignore လုပ်ထားလိုက်ကြတာပါပဲ။
အဲ့ဒါ ပညာရှိတဲ့ ရွေးချယ်မှု ဖြစ်ပါတယ်…။
ဘာလို့ဆို ဘာသာရေးနဲ့ ပတ်သတ်ပြီး ငြင်းနေတာက ဘယ်တော့မှ အဖြေမှန်ကို ရမှာ မဟုတ်လို့ပါ။
…
၃)- ဘာသာရေး ဆိုတဲ့ တံဆိပ်
တစ်ခါတလေ ကမ္ဘာ့သတင်းတွေမှာ… ဘယ်နိုင်ငံက ဘယ်လူမျိူးက ဘယ်လူမျိူးတွေကို တို-က်ခို-က်နေပြီ.. ဘယ်သူတွေတော့… ရက်ရက်စက်စက် tay သွားကြပြီ ဆိုတဲ့ သတင်းမျိူးတွေ ဝင်ကြည့်ကြည့်…။
ပုံမှန် အခြေအနေမှာ လူတစ်ယောက် ဒုက္ခရောက်ရင် စာနာကောင်း စာနာပေးလိမ့်မယ်…။
ဒါပေမယ့် “ငါ့ဘက်ကလူ၊ သူ့ဘက်ကလူ” ဆိုတဲ့ ဘာသာရေး တံဆိပ်တွေကို ကပ်လိုက်တော့ ဦးနှောက်ရဲ့ စာနာမှု ခလုတ်ကြီးက ပိတ်သွားရော…။
ဘာအပြစ်မှ မရှိတဲ့လူတွေ ရက်ရက်စက်စက် tay ဆုံးနေကြပေမယ့်… ဘာသာတရား ဆိုတဲ့ ခေါင်းစဉ်အောက်ထဲ ထည့်လိုက်တော့… လူ tay တာဟာ ဝမ်းသာစရာ သတင်း တစ်ပုဒ်လို ဖြစ်သွားကြတယ်…။
ရုပ်ရှင် တစ်ကားမှာ ပါတဲ့ ဒိုင်ယာလော့ဂ်ကို ယူသုံးရရင်…
ကိုယ်ထွက်တဲ့သွေးမှ သွေးအစစ်… သူများထွက်တဲ့ သွေးကျ ဘာလဲ? ခရမ်းချဉ်သီးဆော့စ် လား?… ဆိုသလိုပါပဲ။
အဲ့ဒီ ဘာသာရေး ခြုံထည်ကို ခဏ ဖယ်ကြည့်လိုက်ရင် အပြစ်မရှိဘဲ tay သွားတဲ့ လူတွေကလည်း လူသား ဆိုတဲ့ category အောက်ကို ဝင်နေတုန်းပါပဲ။
ဒါဟာ … လူ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ လုပ်ရပ်ကို အဲ့ဒီအုပ်စု တစ်ခုလုံးရဲ့ ပုံရိပ်နဲ့ ရောချ လိုက်လို့ ဒီပြဿနာ ဖြစ်သွားတာပါ။
“ဒီကောင် မကောင်းတဲ့အရာကို လုပ်တယ်… ဒီကောင်က ဒီဘာသာကို ကိုးကွယ်တာပဲ… ဒါဆိုရင် ဒီဘာသာကို ကိုးကွယ်တဲ့လူတွေက မကောင်းတာလုပ်တဲ့လူတွေပေါ့…”… ဆိုတဲ့ ကောက်ချက် ဟာ ဘာနဲ့ တူလဲ ဆိုတော့…
နွားမှာ ခြေလေးချောင်းပါတယ်… စားပွဲမှာလည်း ခြေလေးချောင်းပါတယ်…
ခြေလေးချောင်းပါတာချင်း တူတဲ့အတွက်… စားပွဲတွေဟာ နွားတွေ ဖြစ်ကြပါတယ်… ဆိုတဲ့ အဖြေအမှားကြီးတွေ ထွက်လာတာပါ။
…
၄)- မတူညီလည်း လက်ခံပေးတဲ့ Coexistence
ကျွန်တော်ဆို… ရုံးမှာ တခြားလုပ်ဖော်ကိုင်ဘက် အကိုတွေနဲ့ နေ့လည်စာ တူတူစားတယ်…။
ကိုယ့် ထမင်းချိူင့်နဲ့ ကိုယ်စားကြတာ ဆိုပေမယ့်… တစ်ဝိုင်းတည်း တူတူထိုင်စားတယ်…။
ကျွန်တော်က ဝက်သားမစားဘူး…။ သူက ဝက်သားစားတယ်…။ သူကလည်း ကျွန်တော့်ပန်းကန်ထဲ “ဝက်သားစားပါဦး” ဆို ဇွတ်မထည့်ဘူး…။ ကျွန်တော်ကလည်း သူ့ကို “ဝက်သားမစားသင့်ဘူး” လို့ တရားမဟောဘူး။
ကျွန်တော့်ရှေ့မှာ ဝက်သားစားနေလို့ သူ့ကို “အကုသိုလ်ကောင်” လို့ မပြောဘူး…။
သူကလည်း ဒီလောက်ကောင်းတဲ့အသားကို “မစားရတာ နာတယ်… စားပါကွာ…” လို့ ဖိအားမပေးဘူး။
ဒါဟာ ကျွန်တော်တို့ရဲ့ ကြားမှာ… “မင်းရဲ့ယုံကြည်မှုကို ငါ မထိပါဘူး” ဆိုတဲ့ message ကို ပါးစပ်နဲ့ ပြောစရာ မလိုဘဲ silent respect ပေးကြတာဖြစ်ပါတယ်…။
ဘယ်လောက် ချစ်ဖို့ကောင်းလိုက်လဲ။
မတူတာတွေကို လက်ခံပေးဖို့ ဆိုတာ… မင်းကြိုက်တာ ငါလိုက်ကြိုက်ပေးမယ်… ဆိုတဲ့ အယူအဆ မဟုတ်ပါဘူး။
မင်းရဲ့ ယုံကြည်မှု၊ ငါ့ရဲ့ ယုံကြည်မှုတွေ ကွဲပြားပေမယ့်… ငါတို့ အချင်းချင်း နားလည်ကြပါတယ်… ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်…။
ကိုယ့်ယုံကြည်မှုကို တန်ဖိုးထားတဲ့လူဟာ တခြားလူရဲ့ မတူညီတဲ့ ယုံကြည်မှုကို threat (ခြိမ်းခြောက်မှု) လို့ မမြင်ဘဲ… Difference (မတူညီ ကွဲပြားမှု) တစ်ခုလို့ပဲ မြင်ကြပါတယ်…။
ကျွန်တော်တို့ရဲ့ ဘာသာရေးဆိုတဲ့ ခြုံထည် တွေကို ဖယ်လိုက်ရင်လည်း အောက်ဆုံးမှာ ကျန်ခဲ့တာက လူသား ဆိုတဲ့ ခန္ဓာကိုယ်နဲ့ လူသား ဆိုတဲ့ စိတ်ဓာတ်တွေပဲ ကျန်နေခဲ့မှာ ဖြစ်ပါတယ်…။
Credit: Minn Khent (PYAY)