ဦးစီဘူးကို အဘ – ပညာ၀န် ဦးနော်ဒင် နှင့် အမိ – ဒေါ်ရဲမ တို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့ သက္ကယ်ပြင်ရွာမ(ကမန်ရွာ)တွင် ၁၈၉၈ ခုနှစ်၌မွေးဖွားခဲ့သည်။ မွေးချင်း (၈) ယောက်အနက် အကြီးဆုံးဖြစ်သည်။ ဇနီးဖြစ်သူမှာ ဒေါ်ရွှေမြဦးဖြစ်သည်။ ဦးစီဘူးသည် ဗြိတိသျှ ကိုလိုနီအစိုးရ လက်ထက်ကပင် ရခိုင်တိုင်း စစ်တွေမြို့၌ စက်ရှင်တရားသူကြီးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဦးစီဘူး သည် ရန်ကုန်မြို့သို့စက်ရှင်တရားသူကြီးအဖြစ် ပြောင်းရွှေ့တာ၀န်ထမ်းဆောင်ခဲ့သည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အာဇာနည် ခေါင်းဆောင် ကြီးများကို နယ်ချဲ့လက်ပါးစေတစ်စုက လုပ်ကြံသတ်ဖြတ်လိုက်သည့် နိုင်ငံတော်လုပ်ကြံကြီးတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ၁၉၄၇ ခုနှစ် သြဂုတ်လ ၃၀ရက်နေ့တွင် ဘုရင်ခံက လုပ်ကြံမှုကို စစ်ဆေးစီရင်ရန် အထူးခုံရုံးဖွဲ့စည်းသည့်ဥပဒေကို ထုတ်ပြန်ခဲ့သည်။ ခုံရုံးတွင် နာယကနှင့် အဖွဲ့ဝင်နှစ်ဦး ပါဝင်ရမည်ဖြစ်သည်။ ထိုစဉ်က တရားလွှတ်တော် တရားဝန်ကြီးချုပ်ဖြစ်ခဲ့သော ဆာဘဦး ကအထူးခုံရုံးအတွက် နာယကနှင့် အဖွဲ့ဝင်များ ရွေးချယ်ပေးခဲ့ရ၏။ “ နာယကရွေးရတာကတော့ ခက်ခဲခြင်းမရှိခဲ့ပါ။
ဦးကျော်မြင့်ကို ထိုတာဝန်ပေးအပ်ရာ သူကလိုလိုချင်ချင်ပင် လက်ခံပါသည်။ အဖွဲ့ဝင်နှစ်ဦးကို ရွေးရာတွင်မူ မလွယ်ကူခဲ့ပါ။ တရားသူကြီးများသည် ရိုးသားရမည်၊ အရည်အချင်းပြည့်စုံရမည်၊ ကြံ့ခိုင်ရမည်၊ သူတို့ကို အစိုးရနှင့်ပြည်သူက လက်ခံနိုင်ရမည်။ ထိုအရည်အချင်းအားလုံးနှင့် ပြည့်စုံသော စက်ရှင်တရားသူကြီးများကို ရှာဖွေရတာမလွယ်ပါ။ အချို့မှာ ရိုးသား၍ အရည်အချင်း ပြည့်စုံကြပါ၏။ သို့ရာတွင် ကြံ့ခိုင်ခြင်းမရှိကြပါ။ အချို့ကိုမူ အစိုးရက သဘောမကျပါ။ နောက်ဆုံး၌ ဦးအောင်သာကျော်နှင့် ဦးစီဘူးကို ရွေးချယ်လိုက်ရပါသည်။ ’’ ဟု ဆာဘဦးက ‘ ကျွန်ုပ်၏မြန်မာပြည် ’ တွင်မှတ်တမ်းတင်ခဲ့လေသည်။ ဤမှတ်တမ်းအရ အထူးခုံရုံးအဖွဲ့ဝင် စက်ရှင် တရားသူကြီးများ၏ သီလ၊ သမာဓိ၊ ပညာ အရည်အချင်းတို့ကို သိမြင်နိုင်ပေသည်။ ဘုရင်ခံသည် အထူးခုံရုံးကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ၂ဝ ရက်နေ့တွင် အမိန့်ထုတ်ပြန်၍ ဖွဲ့စည်းခဲ့သည်။ ထိုအထူးခုံရုံးတွင် တရားလွှတ်တော် တရားရေးဝန်ကြီး ဦးကျော်မြင့်က နာယကအဖြစ်ဆောင်ရွက်ပြီး ဦးစီဘူးနှင့် ဦးအောင်သာကျော်တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ဦးစောနှင့် အပေါင်းအပါတို့ကို စစ်ဆေးရာတွင် အထူးခုံရုံးက မျှတမှန်ကန်စေရန် အထူးကြိုးပမ်းခဲ့လေသည်။ ငွေကြေးမတတ်နိုင်သော တရားခံများအတွက် အစိုးရစရိတ်ဖြင့် ရှေ့နေငှားရမ်းပေးခဲ့သည်။ အမှုစစ်ဆေးရာတွင် တစ်ဖက်သတ်မပြု။ အကျေအလည် ပြန်လှန် မေးမြန်းခွင့်၊ ပြောခွင့်၊ ဆိုခွင့် တို့ကိုပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော နိုင်ငံခေါင်းဆောင်ကို လုပ်ကြံသူများပါတကားဟု ကြိုတင်၍ စိတ်ပိုင်းဖြတ်ခြင်းမျိုးကို မပြုမိအောင် ကြိုးပမ်းသည်။ ထိုသို့စိတ်ပိုင်းဖြတ်ထားခြင်းမရှိကြောင်းကို အမျိုးမျိုးသောနည်းများဖြင့် ပြသ၍ ထင်ရှားစေခဲ့သည်။ တရားသူကြီးများ၏စိတ်တွင် ကြိုတင်စိတ်ပိုင်းဖြတ်ခြင်းနှင့် ဒေါသ လုံးဝကင်းရှင်းသည်ဟုကား တပ်အပ်သေချာစွာ မဆိုနိုင်။ သို့ရာတွင် ထိုဒေါသကို ဖယ်ရှားနိုင်သမျှဖယ်ရှား၍ ဥပဒေနှင့်အညီသာ မူခင်းကို တည်တည်ငြိမ်ငြိမ် စစ်ဆေးခဲ့ကြသည်ကို ပြည်သူတို့မြင်ကြရလေသည်။ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃ဝရက်နေ့ တွင် ဂဠုန်ဦးစောနှင့် အပေါင်းအပါတရားခံများအား ထိုက်သင့်သည့်ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့သည်။ နိုင်ငံတော်လုပ်ကြံမှု အထူးခုံးရုံးအဖွဲ့ဝင် တရားသူကြီးများအား နိုင်ငံတော်မှ သီရိပျံချီရွှေတံဆိပ်ဆုများကို အသီးသီး ချီးမြှင့်အပ်နှင်းခဲ့သည်။
ထိုနောက်ပိုင်း တစ်ဆက်တည်းတွင် ဦးစီဘူးသည် တရားလွှတ်တော်ချုပ် တရားရေးဝန်ကြီး အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သည်။ တရားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်စဉ် အသက် (၅၅) နှစ်အရွယ် ၁၉၅၃ခုနှစ်တွင် ရန်ကုန်မြို့၌ အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူခဲ့လေသည်။ ဦးစီဘူးမှာ ဂဠုန်ဦးစော၏ မိတ်ဆွေလည်းဖြစ်သည်။ ဂဠုန်ဦးစောက ကြိုးစင်တက်ခါနီးတွင် ဦးစီဘူးအား “မင်းလုပ်ရပ်မှန်ပါတယ်” ဟု ပြောခဲ့ကြောင်း ဦးစီဘူး၏ဇနီးဖြစ်သူ အသက်ထင်ရှား ရှိစဉ်က နောင်လာ နောက်သားတို့ထံ ပြန်လည်ပြောပြခဲ့သည်။ နိုင်ငံတော်အစိုးရပေးအပ်သော တာဝန်များကို အမြင့်မားဆုံး ထမ်းဆောင်ခဲ့သော အစ္စလာမ်ဘာသာ၀င် ကမန်တိုင်းရင်းသားတစ်ဦးဖြစ်သူ တရားလွှတ်တော်ချုပ် တရားရေး ဝန်ကြီး သီရိပျံချီ ဦိးစီဘူး၏ အတ္ထုပ္ပတ္တိကို ခေတ်ကြေးမြင်မဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြအပ်ပါသည်။
ထုတ်နုတ်။ ။ မောင်ဆန္ဒ(လယ်ဝေး)၏ ကမန်မျိုးနွယ်စုသမိုင်း။
ဒေါက်တာမောင်မောင်၏ နိုင်ငံတော်လုပ်ကြံမှု (ပြည်ထောင်စုနှင့် ဦးစော)
” ခေတ်ကြေးမြင်မဂ္ဂဇင်း စာတည်းအဖွဲ့က သီရိပျံချီဦးစီဘူး၏ အတ္ထုပ္ပတ္တိကို ပြုစုထားခြင်းဖြစ်ပါသည်။ “
“ခေတ်ကြေးမြင် မဂ္ဂဇင်း မှကူးယူဖော်ပြပါသည်။ “


