“အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့တွေဟာ အထွေထွေထိုးစစ်ကြီးတစ်ခု ဆင်ဖို့ ပြင်ဆင်ကြိုးပမ်းနေကြ ကြောင်း အသိပေးလိုပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။
၎င်းမိန့်ခွန်းကို မတ်လ ၂၅ ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဧရာဝတီတိုင်းစစ်ဌာနချုပ် ဗျူဟာ (၂၉) ၏ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် စစ်ရေးဗျူဟာအရ အဆင့် (၃) ဆင့်ကို ဖြတ်ကျော်ရမည်ဖြစ်ပြီး၊
ပထမအဆင့်အနေဖြင့် တစ်နိုင်ငံလုံး ကွက်ပြည့်စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ရန်၊
ဒုတိယအဆင့်တွင် မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲရန်၊
တတိယအဆင့်အနေဖြင့် တစ်နိုင်ငံလုံးအထွေထွေထိုးစစ်ကြီး စတင်ရန် လိုအပ်ကြောင်း ဝန်ကြီးက ရှင်းပြခဲ့သည်။
လက်ရှိအချိန်သည် ဒုတိယအဆင့်ဖြစ်သည့် မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲနေသည့် အဆင့်ဖြစ်ပြီး၊ တတိယအဆင့်ဖြစ်သည့် အထွေထွေထိုးစစ်ကြီးအတွက်လည်း မဟာမိတ်များနှင့် ပူးပေါင်းပြင်ဆင်လျက်ရှိကြောင်း ဦးရည်မွန်က ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့အပြင် တော်လှန်ရေးကာလ လေးနှစ်ကျော်အချိန်တွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် အောင်ပွဲများ ရရှိလာနေပြီဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ယခုသင်တန်းဆင်းပွဲသည် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှ ရဲဘော်များပါဝင်သည့်အတွက်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ပထမအဆင့်ဗျူဟာဖြစ်သည့် ဒေသအလိုက် တပ်တည်ဆောက်ရေးနှင့် တပ်ဖြန့်နိုင်မှုစွမ်းရည်များ ပိုမိုပြည့်စုံလာခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်ဖွဲ့ဝင်များသည် ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်း၍ စစ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။