စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် NUG လက်အောက်ခံ အမှတ် (၂၀) PDF တပ်ရင်းတွင် တပ်ရင်းမှူးဖြစ်သူက လက်အောက်ခံ အစ္စလမ်ဘာသာဝင် အမျိုးသမီးရဲမေတစ်ဦးအား အချုပ်ခန်းအတွင်း မုဒိမ်းကျင့်စော်ကားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အကျဉ်း
အဆိုပါ အမျိုးသမီးရဲမေသည် တပ်ရင်းသို့ အသိပေးခြင်းမရှိဘဲ အလှူခံခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် အချုပ်ချခံထားရစဉ်အတွင်း တပ်ရင်းမှူးကိုယ်တိုင် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
ကျူးလွန်ခံရသူ မှာ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးရှိသည့် မွတ်စလင်မ်အမျိုးသမီး ရဲမေတစ်ဦးဖြစ်သည်။
ကာယကံရှင်၏ ပြောကြားချက်အရ တပ်ရင်းအတွင်း၌ သူမအား “ကုလားမ” ဟု နှိမ်ချခေါ်ဆိုခြင်း၊ သူမ၏ ဘာသာရေးအရ မစားသုံးသည့် ဝက်သားများအား အဓမ္မချက်ခိုင်းခြင်းနှင့် ဝက်သားစားထားသည့် ပန်းကန်များအား ဆေးကြောခိုင်းခြင်း စသည့် လူမျိုးရေး/ဘာသာရေး ခွဲခြားဖိနှိပ်မှုများကိုလည်း ခံခဲ့ရသည်ဟု ဆိုသည်။
တရားမျှတမှုအပေါ် မေးခွန်းထုတ်မှုများ
ဤဖြစ်စဉ်နှင့် ပတ်သက်၍ ခိုင်လုံသော အင်တာဗျူး ထွက်ဆိုချက်များရှိနေသော်လည်း ယနေ့ထက်တိုင် ထိရောက်သော အရေးယူမှုများ မရှိသေးသည့်အပေါ် ဝေဖန်မှုများ မြင့်တက်နေသည်။
” မုဒိမ်းကျင့်ခံရတဲ့ ဖြစ်စဉ်က အမှန်တကယ် ဖြစ်ပျက်ခဲ့တာပါ။ အင်တာဗျူးမှာလည်း အသေအချာ ဖြေကြားထားပါတယ်။ ဒါပေမဲ့ NUG အနေနဲ့ ထိရောက်တဲ့ အပြစ်ပေးမှုမျိုး မရှိသေးသလို၊ တော်လှန်ရေးသတင်းတွေကို အဓိကဖော်ပြနေတဲ့ Khit Thit နဲ့ People’s Spring လို မီဒီယာကြီးတွေကလည်း ကျူးလွန်ခံရသူဟာ မွတ်စလင်မ်အမျိုးသမီး ဖြစ်နေတာကြောင့် ဒီသတင်းကို လျစ်လျူရှုထားကြတယ်” ဟု နီးစပ်သူများက ဆိုသည်။
အသေးစိတ်အချက်အလက်များကို အောက်ပါ အင်တာဗျူး Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
MMNN
Myanmar Muslims News Network









