မြေဒူးမွတ်စလင်များ အကြောင်း

မြေဒူးမွတ်စလင် (Myedu Muslims) ဆိုသည်မှာ မြန်မာနိုင်ငံ၏ လူ့အဖွဲ့အစည်းသမိုင်းတွင် အထူးခြားဆုံးနှင့် အမြစ်တွယ်မှု အနက်ရှိုင်းဆုံးသော သမိုင်းဝင် မွတ်စလင်အုပ်စုတစ်ခု ဖြစ်သည်။ ၎င်းတို့သည် မြန်မာ့ယဉ်ကျေးမှု၊ စစ်ရေးသမိုင်း ၊ ဒေသခံလူမှုဘဝတို့နှင့် နှစ်ပေါင်းများစွာ ရောထွေးပေါင်းစပ်နေခဲ့ကြသည်။ ဤလူ့အဖွဲ့အစည်း၏ ထူးခြားသော ဝိသေသလက္ခဏာသည် ဘာသာရေးသက်သက်မဟုတ်ဘဲ နိုင်ငံတော် ကာကွယ်ရေးတွင် သစ္စာရှိစွာ ပါဝင်ခဲ့သော စစ်သည်တော်များအဖြစ်မှ ဆင်းသက်လာခြင်းဖြစ်သည်။

မြေဒူး မွတ်စလင်များသည် မြေဒူးမင်း ဟူသော အလောင်းမင်းတရား​၏ ဒုတိယသားတော် ဆင်ဖြူရှင်မင်းအား အပိုင်စားပေးခဲ့သော မြေဒူး မြို့ဟောင်း ( ယခုနောက်ပိုင်း ရွာ အဆင့်သာ ရှိတော့သည် ) အနားတဝိုက်တွင် မွတ်စလင် ရွာ များဖြစ်သည့် ဆားကုန်း , ဆားကိုင်း , ဘုတ္တော , ရွာသစ်ကုန်း , မြေဒူး , မှော်တော် , ချောင်းဇောက် , ခြေမြစ်ကျင်း , ဝါးရုံဘုတ် စသဖြင့် ကင်းတပ် ဆည် အနီးနား တစ်ဝိုက်တွင် နေထိုင်ကြသည်။ စစ်အစိုးရလက်ထပ်တွင် ကင်းတပ်ဆည် တည်ဆောက်မူ့ကြောင့် ဆည်နှင့်မလွတ်သော အနီးနား ဗမာရွာများအား စုပြီး မြေဒူး မြို့အဖြစ် ပြောင်းလဲ နေရာချထားပေးခဲ့သော်လည်း အစ္စလမ်ရွာများအား ချန်လှပ် ထားခဲ့သည်။

မြေဒူးသည် ယခုအခါ မထင်ရှားတော့သော ကျေးရွာတစ်ရွာ ဖြစ်သော်ငြားလည်း မြန်မာမင်းများ လက်ထက်ကမူ နှစ်ပေါင်းများစွာ အရေးပါသော မြို့တစ်မြို့ ဖြစ်ခဲ့ပြီး ရှေးမြို့ရိုးတံတိုင်းများကို ယခုတိုင် တွေ့မြင်နိုင်ပေသေးသည်။။ ပုဂံခေတ် အနော်ရထာမင်း၊ အလောင်းစည်သူမင်းနှင့် ညောင်ရမ်းခေတ် မင်းများလက်ထက်တစ်လျှောက်လုံး မြေဒူးသည် အုပ်ချုပ်ရေးနှင့် စစ်ရေးအရ အရေးပါခဲ့သည်။

အထင်ရှားဆုံးမှာ ကုန်းဘောင်ခေတ်ကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး၏ သားတော်တစ်ပါး မြေဒူးမြို့ကို အပိုင်စားရပြီးနောက် သက္ကရာဇ် ၁၁၂၅ ( ခရစ်သက္ကရာဇ် ၁၇၆၃ ) ခုနှစ်တွင် ထီးနန်းဆက်ခံရာ၌ မြေဒူးမင်းဟု တွင်ခဲ့ပြီး၊ နောက်ပိုင်းတွင် ဆင်ဖြူရှင်မင်းဟု အမည်ခံခဲ့ခြင်း ဖြစ်သည်။ မြေဒူးမြို့သည် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့၏ အနောက်ဘက် ၁၂ မိုင်ခန့်အကွာ မူးမြစ်ကမ်းနားဘေး တွင် တည်ရှိသည်။

မြေဒူးမွတ်စလင်တို့၏ သမိုင်းဝင်ဇာစ်မြစ်တွင် အရေးပါသော အချက်အလက်နှစ်ခု ရှိပါသည်။ ပထမအချက်မှာ ၎င်းတို့၏ ဘိုးဘေးများသည် အာရပ်၊ ပါရှန်၊ ပသျှူးနှင့် အိန္ဒိယ အနောက်မြောက်ပိုင်းတို့မှ ဆင်းသက်လာကာ ဘုရင်၏ စစ်သည်တော်များအဖြစ် “ရွှေပြည်ဝန် သေနတ်ကိုင်တပ်” ကဲ့သို့သော အထူးတပ်ဖွဲ့များတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ မြန်မာမင်းများက နေရာချထားပေးခဲ့သော သံတွဲမှ ပသီအဆက်အနွယ်များနှင့် ဆက်နွှယ်နေခြင်း ဖြစ်သည်။ သမိုင်းမှတ်တမ်းအချို့အရ ခရစ်နှစ် ၁၅၆၄ ခုနှစ်တွင် တပင်ရွှေထီးဘုရင် သံတွဲမှ ခေါ်ဆောင်လာခဲ့သော ပသီ မိသားစုများမှ ဆင်းသက်လာသူများဖြစ်ပြီး နောက်ပိုင်းတွင် ဗမာဘုရင်က မြေဒူးမြို့တွင် နေထိုင်စေရာမှ မြေဒူးမူဆလင်ဟု ခေါ်တွင်ခဲ့ကြောင်း ဆိုပါသည်။ ထို့ပြင် ၁၇၈၄ ခုနှစ် ရခိုင်ကို ဘိုးတော်ဘုရား သိမ်းပိုက်ချိန်တွင် ရွှေဘိုအနီး မြေဒူးမှ မူဆလင်စစ်သားတပ်တစ်တပ်သည် သံတွဲခရိုင်တွင် နေထိုင်စေခဲ့သည်ဟု မှတ်တမ်းများရှိရာ မြေဒူးမြို့သည် မွတ်စလင် စစ်သည်တော်များ၏ ဗဟိုအချက်အချာ ဖြစ်ခဲ့ကြောင်း ထင်ရှားသည်။ ၁၉၂၁ ခုနှစ် သန်းခေါင်စာရင်းအရ မြေဒူးနယ်ပယ်တွင် နေထိုင်သူ ၁,၉၂၃ ဦးအနက် ၁,၁၃၇ ဦးမှာ မွတ်စလင်များ ဖြစ်ခဲ့ရာ ဒေသတွင်း မွတ်စလင်လူဦးရေ၏ များပြားမှုကို ဖော်ပြသည်။ ၎င်းတို့သည် လယ်ယာနှင့် သစ်တောလုပ်ငန်းများကို အဓိက မှီခိုအားထားကြသည်။

အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသော်လည်း မြေဒူးမွတ်စလင်တို့၏ လူနေမှုပုံစံ၊ ယဉ်ကျေးမှုနှင့် ဘာသာစကားသည် ဗမာလူမျိုးများနှင့် လုံးဝနီးပါး ရောယှက်နေပါသည်။ ၎င်းတို့သည် မြန်မာစကားကို မိခင်ဘာသာစကားအဖြစ် အသုံးပြုကြပြီး ဗမာရိုးရာအတိုင်း လုံချည်၊ တိုက်ပုံ၊ ရင်ဖုံးအင်္ကျီများကို ဝတ်ဆင်ကြသည်။ မြန်မာလူမျိုး အမည်များကိုသာ အဓိက မှည့်ခေါ်လေ့ရှိကြသည်။

ကိုလိုနီခေတ် နောက်ပိုင်းမှ ရောက်ရှိလာသူများ မဟုတ်ဘဲ၊ ဘုရင့်ခေတ်ကတည်းက တိုင်းပြည်ကာကွယ်ရေးတွင် ပါဝင်ခဲ့သူများဖြစ်သည့်အတွက် ၎င်းတို့သည် မြန်မာ့သမိုင်းနှင့် လူမှုရေးတွင် ခိုင်မာသော အမြစ်တွယ်မှု ရှိနေသည်။

ကုန်းဘောင်းခောတ်က ဆရာကြီးလေးပါး အတွက် ဘုရင်မှ ဆောက်လုပ်ပေးခဲ့သော ပလီ ကြီးလေးလုံး သည် မြေဒူး လူမျိုးများ နေထိုင်သော ထိုရွာများတွင် ဖြစ်သည်။ယခုအခါ ပြိုကျ ပျက်စည်းမူကြောင့် ထို ပလီများနေရာတွင် အသစ်ဆောက်လုပ်ပြီး ဖြစ်သည်။စာရေးသူ ငယ်စဉ်က ၁၉၈၀ ပတ်ဝန်ကျင်လောက်ထိ ဆားကုန်း ရွာ အနောက်ပလီ ကြီး နေရာ တွင် ဘုရင်ဆောက်လုပ်လှူဒါန်းခဲ့သော မြန်မာဘုရင်ခောတ် လက်ရာ ပန်းတော့ ပန်းတမော့များ ပါဝင်သည့် အာဇန် ခါနာ ( အာဇန် ပေးသည့် မျော်စင်) ရှိနေပါသေးသည်။ ထို့နောက် ပြိုကျမည့် အန္တရာယ်ကြောင့်ဖျက်လိုက်ကြသည်။ အထက်မြန်မာပြည် အစ္စလမ်ဘာသာရေး ပညာများ အဓိက ဖြန့်ဖြူး ပို့ချခဲ့သော ဆရာကြီး ပုံ, ဆရာကြီး ဇုံ , ဆရာကြီးလှ တို့သည် ထိုမြေဒူး လူမျိူးထည်းတွင်ပါဝင်သည် ။ ဒီဆောင်းပါးရေးသူ ကိုယ်တိုင်ပင် ထိုနယ် ဇာတိဖွား တစ်ယောက်ပင်ဖြစ်ပါသည်။

ကိုးကားချက်များ

၁။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉) (မြေဒူးမြို့၏ သမိုင်း၊ ပထဝီဝင်နှင့် လူဦးရေဆိုင်ရာ အချက်အလက်များ)

၂။ ဦးမောင်မောင်တင် (U Maung Maung Tin). ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (Konbaung Set Maha Yazawin Daw Gyi) (မြေဒူးမင်းနှင့် စစ်မှုထမ်း အမိန့်များ)

၃။ Place codes (Pcodes)။ Myanmar Information Management Unit (June 2020) (ခေတ်ကာလဆိုင်ရာ ဒေသကုဒ်များနှင့် နေရာအချက်အလက်

များ)

၄။ဦးကုလား (U Kala). မဟာရာဇဝင်တော်ကြီး (Maha Yazawin Gyi) (Konbaung ခေတ်မတိုင်မီ အင်းဝခေတ်၏ နိဂုံးနှင့် နိုင်ငံခြားသားများ စစ်မှုထမ်းခြင်း မှတ်တမ်းများ)။

၅။ဦးမောင်မောင်တင် (U Maung Maung Tin). ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (Konbaung Set Maha Yazawin Daw Gyi) (ကုန်းဘောင်ခေတ် စစ်ပွဲများ၊ တပ်ဖွဲ့ဖွဲ့စည်းပုံများနှင့် ‘ရွှေပြည်ဝန်’ ၏ အခန်းကဏ္ဍ ဖော်ပြချက်များ)။

၆။ဒေါက်တာသန်းထွန်း (Dr. Than Tun). Studies in Myanmar History (မြန်မာ့သမိုင်း လေ့လာချက်များ) (အလောင်းဘုရား လက်ထက် နိုင်ငံခြားနွယ်ဖွား စစ်မှုထမ်းများ အကြောင်း ဖော်ပြချက်)။

၇။Victor Lieberman. Strange Parallels: Southeast Asia in Global Context, c. 800–1830 (နိုင်ငံခြားနွယ်ဖွားများကို ဘုရင်များက စစ်သည်တော်များအဖြစ် စုဆောင်း၍ မြေယာချထားပေးခြင်းဆိုင်ရာ ကျယ်ပြန့်သော သုံးသပ်ချက်)။

အောင်ဆန်းဦး -MMNN

( Myanmar Muslims News Network )

Spread the love

More From Author

အာဂျင်တီးနားတရားရုံးအား ရိုဟင်ဂျာမျိုးတုန်းသတ်ဖြတ်မှု၌ ရက္ခိုင့်တပ်တော် (AA) အား ဖမ်းဝရမ်းထုတ်ရန် BROUK မှ တောင်းဆို

ဗီဒီယိုသတင်း

MMNN မှ ဦးရွှေမောင်၊ ဦးအောင်တင် နှင့်, ဒေါ်နီလာမြင့်တို့ အား တွေ့ဆုံမေးမြန်းခန်း အပိုင်း ၂
MMNN မှ ဦးရွှေမောင်၊ ဦးအောင်တင် နှင့်, ဒေါ်နီလာမြင့်တို့ အား တွေ့ဆုံမေးမြန်းခန်း အပိုင်း ၂
MMNN မှာ ဦးရွှေမောင်၊ ဦးအောင်တင်နှင့် ဒေါ်နီလာမြင့်တို့အား တွေ့ဆုံမေးမြန်းခန်း- အပိုင်း ၁
MMNN မှာ ဦးရွှေမောင်၊ ဦးအောင်တင်နှင့် ဒေါ်နီလာမြင့်တို့အား တွေ့ဆုံမေးမြန်းခန်း- အပိုင်း ၁
Myanmar Muslims News Network
Myanmar Muslims News Network
ဘာသာရေး ခွဲခြားနိပ်ကွပ်မူများအကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း - အပိုင်း(၁)
ဘာသာရေး ခွဲခြားနိပ်ကွပ်မူများအကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း - အပိုင်း(၁)
ဘာသာရေးခွဲခြားနှိပ်ကွပ်မူများ အကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း-အပိုင်း (၂ )
ဘာသာရေးခွဲခြားနှိပ်ကွပ်မူများ အကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း-အပိုင်း (၂ )
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး