ဗြိတိသျှ-ဗမာ့ ရိုဟင်ဂျာအဖွဲ့ချုပ် (BROUK) မှ ထုတ်ပြန်သည်။
ချက်ချင်းထုတ်ပြန်သည် – ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်
ဗြိတိသျှ-ဗမာ့ ရိုဟင်ဂျာအဖွဲ့ချုပ် (BROUK) သည် ရိုဟင်ဂျာမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ တရားစွဲဆိုမှု (universal jurisdiction case) ကို စစ်ဆေးနေသော အာဂျင်တီးနားနိုင်ငံ၊ ဘူနိုအေးရိစ်မြို့ရှိ ဖက်ဒရယ်တရားရုံးသို့ တရားဝင်တင်သွင်းလိုက်သော လျှောက်လဲချက်တွင် ရက္ခိုင့်တပ်တော် (AA) ၏ စစ်ရာဇဝတ်မှုများကိုပါ ဤမှုခင်းတွင် ထည့်သွင်းစစ်ဆေးရန် တောင်းဆိုလိုက် ကြောင်း သိရသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် AA ၏ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်နှင့် ဒုတိယစစ်ဦးစီးချုပ် ညိုထွန်းအောင်အပါအဝင် အမိန့်ပေးကွပ်ကဲမူ့မှာ ပါဝင်သူ အခြားခေါင်းဆောင်များအတွက် အမှုဖွင့်၍ ဖမ်းဝရမ်းထုတ်ရန် BROUK မှ တောင်းဆိုထားကြောင်းသိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၏ နေရာအများအပြားကို ထိန်းချုပ်ထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစု ရက္ခိုင့်တပ်တော် (AA) သည် ရိုဟင်ဂျာပြည်သူများအပေါ် မျိုးတုန်း အသတ်ဖြတ်မှုများ၊ မုဒိမ်းမှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် အစာငတ်ခံအနိုင်ကျင့်မှုများ အပါအဝင် ရက်စက်ကြမ်းကြုတ်သော ချိုးဖောက်မှုများစွာကို ဦးဆောင်ကျူးလွန်ခဲ့သည်။ ဤတိုက်ခိုက်မှုများသည် ၂၀၂၅ ခုနှစ်တွင် သိသိသာသာ ပိုမိုပြင်းထန်လာခဲ့သည်။
သြဂုတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ရပ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာ တပ်ခ် (Volker Türk) က AA မှ ရိုဟင်ဂျာပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုမျိုးစုံကို မှတ်တမ်းတင်ခဲ့ပြီး ထိုသို့ကျူးလွန်မှုများကြောင့် ရိုဟင်ဂျာများစွာသည် ၎င်းတို့၏ အိမ်များ၊ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဖော်ပြထားသည်။ အဆိုးရွားဆုံး ဖြစ်ရပ်များထဲမှ တစ်ခုမှာ ၂၀၂၄ ခုနှစ် မေလ ၂ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောခန်ကျေးရွာ (ဒေသခံများက ဟွိုင်းယာဆီရီဟု ခေါ်ဆိုသည်) ၌ AA စစ်သားများက တစ်နေ့တည်းဖြင့် ရိုဟင်ဂျာရာနှင့်ချီကို သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။
မျက်မြင်သက်သေများ၏ ပြောပြချက်အရ AA ၏ စစ်သားများက ၎င်းတို့ကို ချေမှုန်းကာ အနီးရှိ လယ်ကွင်းများတွင် အုပ်စု သုံးစုခွဲပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ရာ လူပေါင်းများစွာ သေဆုံးခဲ့သည်။ အသက်ရှင်ကျန်ရစ်သူတစ်ဦးက “သွေးချောင်းစီး နေတာကို မြင်ခဲ့ရတယ်။ ကျွန်တော် ပစ်ခတ်သတ်ဖြတ်တာကို မြင်ခဲ့ရတယ်။ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာကို မြင်ခဲ့ရတယ်။ သေနတ်တွေအများကြီးပဲ။ လူတွေကို ခြေထောက်တွေ၊ ရင်ဘတ်တွေမှာ ပစ်သတ်တာပါ” ဟု ပြန်လည်ပြောပြခဲ့သည်။ အခြားသူတစ်ဦးကမူ ကလေးသုံးဦးအပါအဝင် မိသားစုဝင် ၂၀ ခန့် သတ်ဖြတ်ခံခဲ့ရပုံကို ရှင်းပြခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Fortify Rights ကလည်း AA မှ ဖမ်းဆီးထားသော ရိုဟင်ဂျာယောက်ျားများကို ယာယီထိန်းသိမ်းရေးစခန်းများတွင် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်း များကို မှတ်တမ်းတင်ထားကြောင်းသိရသည်။
BROUK ဥက္ကဋ္ဌ ထွန်းခင်က “ဤရက်စက်မှုများသည် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ မျိုးတုန်းသတ်ဖြတ်မှုကို ကြုံတွေ့နေရသော ရိုဟင်ဂျာများအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများဖြစ်သည်မှာ မေးခွန်းထုတ်စရာမရှိပါ။ နိုင်ငံတော်အဆင့် အင်အားစုမဟုတ်သော်လည်း ရက္ခိုင့်တပ်တော် (AA) သည် လူသားများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် မျိုးတုန်းသတ်ဖြတ်မှုများကို မကျူးလွန်ရန် မြန်မာစစ်တပ်ကဲ့သို့ပင် တာဝန်ရှိသည်” ဟု ပြောကြားခဲ့သည်။
BROUK မှ ၂၀၁၉ ခုနှစ်က စတင်တင်သွင်းခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တရားဝင်စတင်စစ်ဆေးခဲ့သော ဤ တရားစွဲဆိုမှုမှုခင်းတွင် ဘူနိုအေးရိစ်ဖက်ဒရယ်တရားရုံးမှ ရိုဟင်ဂျာမျိုးတုန်းသတ်ဖြတ်မှုနှင့် ပတ်သက်နေသည်ဟု စွပ်စွဲခံရသော မြန်မာ့အရာရှိ ၂၅ ဦးအတွက် ဖေဖော်ဝါရီလက အမှုဖွင့်၍ ဖမ်းဝရမ်းများ ထုတ်ခဲ့သည်။ ယနေ့တင်သွင်းလိုက်သော လျှောက်လဲချက်တွင် BROUK မှ AA ၏ မကြာသေးမီက ကျူးလွန်ခဲ့သော ရက်စက်မှုများနှင့်ပတ်သက်၍ သက်သေထွက်ဆိုရန် အသင့်ရှိသော ထပ်လောင်းသက်သေအထောက်အထားများနှင့် သက်သေခံငါးဦးကို တင်သွင်းခဲ့သည်။ ၎င်းတို့သည် AA ခေါင်းဆောင်များအတွက် အမှုဖွင့်၍ ဖမ်းဝရမ်း ထုတ်ရန် တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။
MMNN