အစ္စရေးစစ်တပ်က ဒေသစံတော်ချိန် သောကြာနေ့ မနက်စောစောတွင် အီရန်ရဲ့ နျူကလီးယားစက်ရုံများနှင့် နျူကလီးယားသုတေသနပညာရှင်များကို ဦးတည် တိုက်ခိုက်မှုများ စတင်ခဲ့ကြောင်း ကြေညာခဲ့သည်။ အီရန်ဘက်မှလည်း ပြန်လည်တုံ့ပြန်မည်ဟု ကြေညာ ထားကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟူက “Operation Rising Lion” အမည်ရှိ ဒီတိုက်ခိုက်မှုကို “အစ္စရေးရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည့် အီရန်ရဲ့ နျူကလီးယား အန္တရာယ်ကို ပြန်လည်တွန်းလှန်သည့် စစ်ဆင်ရေး” ဖြစ် သည်ဟု ဆိုသည်။
အီရန် အစ္စလာမ်မစ် တော်လှန်ရေးတပ်မတော် (IRGC) ခေါင်းဆောင် ဟိုဆိန်း ဆာလာမီ ဟာ ဒီတိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြောင်း အီရန်ရဲ့ နိုင်ငံပိုင်ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။
နက်တန်ယာဟူက “ဒီ အီရန် နျူကလီးယား အန္တရာယ်ကို အပြီးတိုင် ဖယ်ရှားနိင်သည့် အထိ ကြာနိင်သမျှ ကြာကြာ တိုက်ခိုက်မှုများ ဆက်လက်လုပ်သွားမည်” ဟု ပြောကြားခဲ့သည်။
အီရန်အရာရှိများကလည်း အစ္စရေးကို ပြန်လည်တုံ့ပြန်ရန် အစီအစဉ်ရှိကြောင်း နှင့် အီရန် အမြင့်ဆုံးခေါင်းဆောင် အယ်လီ ခါမေနီကလည်း “အစ္စရေးဟာ အကြမ်းဖက်တဲ့ နည်းနဲ့ တုံ့ပြန်မှုကို မျှော်လင့်ထားသင့်ကြောင်း ” အီရန်နိုင်ငံပိုင်မီဒီယာများက တဆင့် ဖော်ပြခဲ့သည်။
အမေရိကန်ကတော့ ဒီစစ်ဆင်ရေးမှာ ပါဝင်ခြင်းမရှိကြောင်း နှင့် ထောက်လှမ်းရေးအချက်အလက် မျှဝေခြင်းလည်း မရှိကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက “အစ္စရေးဟာ အီရန်အပေါ် တစ်ဖက်သတ် အရေးယူမှုပြုလုပ်ခဲ့တာပါ။ ကျွန်တော်တို့ အီရန်အပေါ် တိုက်ခိုက်မှုမှာ ပါဝင်ခြင်းမရှိပါဖူး။ ကျွန်တော်တို့ အဓိကဦးစားပေးတာက ဒေသတွင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ကာကွယ်ဖို့ပဲဖြစ်တယ် ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
သမ္မတ ထရမ့်ကလည်း Fox News ရဲ့ ဘရက် ဘိုင်ယာနှင့် အင်တာဗျူးမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကို သဘေားတူကြောင်း သိရှိထားသော်လည်း အမေရိကန်ဟာ စစ်ရေးအရ အစ္စရေးကို အကူအညီမပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ထရမ့်ဟာ သောကြာနေ့မှာ အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးကို White House ရဲ့ Situation Room တွင် ကျင်းပမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့သည်။
အီရန်ရဲ့ ပြန်လည်တိုက်ခိုက်မှုအန္တရာယ်ကြောင့် အမေရိကန်သံရုံး (အစ္စရေး) က အစိုးရဝန်ထမ်းများနှင့် ၎င်းတို့ရဲ့ မိသားစုဝင်များအား “နောက်ထပ်ညွှန်ကြားချက်မရှိသရွေ့ လုံခြုံသည့်နေရာများတွင် နေထိုင်ရန်” အကြံပြုထားကြောင်းသိရသည်။
အီရန်ရဲ့ နိုင်ငံပိုင်မီဒီယာများက တီဟီရန်မြို့တွင် ပေါက်ကွဲမှုများနှင့် လူသေဆုံးမှုအချို့ ရှိခဲ့ကြောင်း ဖော်ပြခဲ့ပြီး တဆက်ထည်းမှာပဲ တီဟီရန်ရဲ့ တောင်ဘက်ရှိ နာတန်ဇ်မြို့ (အီရန်ရဲ့ ယူရေနီယမ်စက်ရုံ တည်ရှိရာနေရာ) တွင်လည်း အခြားတိုက်ခိုက်မှုများ ရှိခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။
