မြန်မာပြဿနာအတွက် အထူးအစည်းအဝေး (၂)ကြိမ် မလေးရှားမှာ လုပ်မယ်လို့ ASEAN ခေါင်းဆောင်ပြော

ASEAN က လာမယ့်အပတ်မှာ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကိစ္စတွေကို ဆွေးနွေးဖို့ အစည်းအဝေး (၂)ကြိမ် လုပ်သွားမယ်လို့ အာဆီယံအတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။ ဒါဟာ ASEAN ရဲ့ မအောင်မြင်သေးတဲ့ မြန်မာ ငြိမ်းချမ်းရေးကြိုးပမ်းမှုအတွက် နောက်ထပ်ခြေလှမ်း တစ်ခုလို့ ဆိုရမှာပါ။

၂၀၂၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရွေးချယ်ခံအရပ်သားအစိုးရကို ဖြုတ်ချပီး စစ်တပ်က အာဏာသိမ်းပြီးကတည်းက တော်လှန်ရေးသမားတွေနဲ့ စစ်အစိုးရကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူဦးရေ ၃.၅ သန်းလောက် အိုးမဲ့အိမ်မဲ့ဖြစ် ခဲ့ရပါတယ်။ ဒီ ပဋိပက္ခ တွေအမြန်ဆုံးဖြေရှင်းဖို့ ASEAN က အာဏာသိမ်းစစ်အစိုးရကို အကြိမ်ကြိမ်အခါခါ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်တုန်းက အာဆီယံက အတည်ပြုခဲ့တဲ့ ” သဘောတူညီချက် ငါးချက် ” (Five-Point Consensus) မှာ အကြမ်းဖက်မှုတွေရပ်စဲဖို့နဲ့ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့တွေအကြား ညှိနှိုင်းဆွေးနွေးဖို့ ပါဝင်ပေမယ့် ဒီအစီအစဉ်က တကယ့်လက်တွေ့မှာ စစ်တပ်ဖက်က မလိုက်နာတဲ့အတွက် မြန်မာစစ်ခေါင်းဆောင်တွေကို ASEAN ထိပ်သီးအစည်းအဝေးတွေကနေ ချန်ထားခဲ့ကြပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကောင်ကီမ်ဟွန်းက “ဒီအစည်းအဝေးဟာ မြန်မာကိစ္စကိုပဲ အထူးအာရုံစိုက်မယ့် အစည်းအဝေးဖြစ်တယ်” လို့ မလေးရှားမှာကျင်းပမယ့် အစည်းအဝေး (၂)ခုနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။

ဒေါက်တာကောင်ကီမ်ဟွန်းက ဘာတွေဆွေးနွေးမယ်၊ အဆိုအသစ်တွေရှိမရှိ စတဲ့အချက်တွေကိုတော့ အတိအကျ ဖော်မပြခဲ့ပါဘူး။

ပထမအစည်းအဝေးမှာ လက်ရှိ၊ ယခင်နဲ့ နောက်လာမယ့် အာဆီယံဥက္ကဋ္ဌနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ လာအိုနဲ့ ဖိလစ်ပိုင် (အသီးသီး) တို့ ပါဝင်မှာဖြစ်ပြီး ဒုတိယအစည်းအဝေးကတော့ အာဆီယံပြင်ပရေးရာဝန်ကြီးတွေရဲ့ အစည်းအဝေးဖြစ်မယ်လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်း စစ်အစိုးရကတော့ အရပ်သားနေရာတွေ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် အပစ်မဲ့ ပြည်သူတွေအပေါ် ရက်စက်သတ်ဖြတ်မှုတွေကို အနောက်နိုင်ငံတွေရဲ့ သတင်းမှားတွေပါလို့ ခုထိ ငြင်းဆိုထားဆဲဖြစ်ပါတယ်။

ASEAN ရဲ့ ကြိုးပမ်းမှု ဟာ မြန်မာနိုင်ငံရေးအခြေအနေကို တိုးတက်လာမှုမရှိတာနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ ဒေါက်တာကောင်ကီမ်ဟွန်းက အာဆီယံရဲ့အစီအစဉ်ကို “လှပတဲ့” အစီအစဉ်လို့ ကာကွယ်ပြော ခဲ့တာတွေ့ရပြီး သက်ဆိုင်သူအားလုံး ဒီအစီအစဉ်ကို အလေးအနက်ထားကြဖို့ တိုက်တွန်းခဲ့တာ တွေ့ ရပါတယ်။

“ဒီပြဿနာကို မြန်မြန်ဖြေရှင်းနိုင်မယ်လို့ တော့ မမျှော်လင့်ထားဘူး..ဆက်ပြီး စေ့စပ် ဆွေးနွေးသွားပါမယ် ။ ဒါပေမယ့် အချိန်ယူရနိုင်တယ်။ သိတဲ့အတိုင်းပဲ၊ ငါတို့အားလုံး စိတ်မရှည်နိုင်ကြဘူး။” လို့ သူက ပြောပါတယ်။

“အကြမ်းဖက်မှုအကြီးစားတွေကို အသေးစားဖြစ်အောင် လျှော့ချနိုင်မယ်၊ ပဋိပက္ခတွေကို စားပွဲပေါ်မှာ ညှိနှိုင်းဆွေးနွေးနိုင်မယ်ဆိုရင် ဒါဟာ တိုးတက်မှုပါပဲ” လို့ သူက ဆိုပါတယ်။

မတ်လအတွင်း ငလျင်ကြီးဖြစ်ပြီးနောက် ပစ်ခတ်ရပ်စဲရေး ကြေညာထားပေမယ့် စစ်တပ်ဖက်က လေကြောင်းနဲ့ မြေပြင်တပ်တွေရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး သူက ဘာမှမပြောခဲ့ပါဘူး။ ဒေါက်တာကောင်ကီမ်ဟွန်းက ပစ်ခတ်မှုရပ်စဲရေးကို ဘယ်သူစချိုးဖောက်တယ်ဆိုတာ သူ့အနေနဲ့ အတိအကျ မသိရသေးပါ လို့ ဆိုပါတယ်။

ပြီးတော့ တရုတ်နဲ့ အာဆီယံနိုင်ငံတွေကြား အငြင်းပွားဖွယ်ရာ တောင်တရုတ်ပင်လယ်ကိစ္စ ကိုလည်း လာမယ့်နှစ်မှာ အပြီးသတ်ဖို့ ကတိပြုထားတယ်လို့ သူက ထပ်ပြောပါတယ်။

“ဒေသတွင်း တင်းမာမှုတွေလျှော့ချဖို့နဲ့ မလိုလားအပ်တဲ့ ပဋိပက္ခ တွေ တားဆီးဖို့ ပါပဲ” လို့ ဒေါက်တာကောင်ကီမ်ဟွန်းက ပြောပါတယ်။

အရှေ့တီမော နှိင်ငံ(East Timor) ကို အာဆီယံရဲ့ ၁၁ နှိင်ငံမြောက် အဖွဲ့ဝင်နှိင်ငံ အဖြစ် လက်ခံဖို့ ကြိုးစားနေမှုတွေမှာလည်း တိုးတက်မှုရှိတယ်လို့ သူက ဖော်ပြခဲ့ပါတယ်။

Spread the love

ဆားကုန်း ‌ကျွန်းပလီ

ဟာဂျီများ အလွယ်တကူသယ်ဆောင်နိုင်မည့် ဟဂျ်နှင့်အွမ်ရဟ်လမ်းညွှန် Digital Handbook