စစ်ကောင်စီက ယနေ့ မေ ၆ ရက်မှ ၃၁ ရက်နေ့ထိ ယာယီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲဟု ထုတ်ပြန်ပြောသော်လည်း ကော်သူးလေ ဒေသတွင်မှု လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းများကို တိုးလုပ်နေ သည်ဟု မြေပြင်ရှိ ဒေသခံများက ပြောသည်။
စစ်ကောင်စီက မတ် ၂၈ ရက်နေ့ စစ်ကိုင်းငလျင် ပြန်ထူထောင်ရေးအတွက် အားစိုက်လုပ်ကိုင်ရန် ဧပြီ ၂ ရက်နေ့မှ ဧပြီ ၂၂ ရက်နေ့အထိ ယာယီ အပစ်အခတ်ရပ်စဲရေး ကာလအဖြစ် ကြေညာခဲ့သည်။ ထို့နောက် ဧပြီ ၂၃ ရက်မှ ၃၀ ရက်ထိ ယာယီအပစ်ရပ် ထပ်ကြေညာခဲ့သလို ယခု ထပ်မံ ကြေညာလိုက်ခြင်း ဖြစ်သည်။
ထိုသို့ ယာယီအပစ်ရပ်စဉ် စစ်ကောင်စီက ၎င်းတို့ တပ်ရင်းဌာနချုပ်များကို တိုက်ခိုက်ခြင်း၊ လမ်းများကို နှောက် ယှက် တိုက်ခိုက်ခြင်း၊ အင်အားစုဖွဲ့ခြင်းနှင့် နယ်မြေချဲ့ထွင်ခြင်းများကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် အခြား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ ပြုလုပ်လာပါက တုန့်ပြန်တိုက် ခိုက်သွား မည်ဟု ပြောဆိုထားသည်။
ယခုလို ယာယီအပစ်ရပ် ကြေညာသော်လည်း မေ ၆ ရက်နေ့ နံနက်ပိုင်းတွင် ကေအဲန်ယူ၊ ဒူးပလာယားခရိုင် ကျုံဒိုး မြို့နယ်၊ ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု ကျုံဒိုးဒေသခံတစ်ဦးက ယခုလို ပြောသည်။
“အခု မနက်ပိုင်း(မေ ၆ ရက်နေ့) ကော့ဝါလဲ ရွာထဲ ၅၄၆ တပ်က လက်နက်ကြီးနဲ့ အိမ်တွေ၊ ခြံတွေကို ပစ်နေတယ်။ အနောက် ဘက်ကမ်း ညောင်ရိပ်သာ၊ သရက်တောကိုလည်း ပစ်တယ်။ လူတွေစစ်ရှောင်ကုန်တော့ အိမ်တွေ၊ ခြံ တွေကို ဖျက်စီးပစ်နေတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ယခင် ယာယီအပစ်ရပ်စဉ်ကလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ကေအဲန်ယူ၊ ခလယ်လွီထူး ခရိုင်နှင့် အခြား ခရိုင်များတွင် အများပြည်သူနေထိုင်သည့် ရွာများသို့ လက်နက်ကြီးနှင့် တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှု များ ဆက်တိုက်ပြုလုပ်နေသည်ဟု ကေအဲန်ယူ-ဗဟိုက ဖြစ်စဉ်များကို မကြာခဏ သတင်းထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်ကောင်စီ ယာယီအပစ်အခတ်ရပ်စဲရေး ကာလအဖြစ် သတ်မှတ်ထားသော်လည်း မတ် ၂၈ ရက်နေ့ မှ စတင်၍ မေလ ၄ ရက်နေ့ အထိ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုပေါင်း (၂၈၂) ကြိမ်အထိ ပြုလုပ် ခဲ့သော ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသခံပြည်သူ ၂၇၆ ဦးသေဆုံးခဲ့ပြီး ၄၅၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အမျိုးသား ညီညွှတ်ရေးအစိုးရ NUG က မေ ၅ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။
ကေအိုင်စီ သတင်း