ဒူဘိုင်း၊ ဧပြီ ၂၅ — ယူအေအီးဟာ ဥပဒေရေးဆွဲရေး တရားစီရင်ရေး တွေမှာ AI ကို အသုံးပြုမဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာရေး အတွက် သူတို့ အစီအစဥ် တွေကို ကြေညာခဲ့ပါတယ်။
The Telegraph ရဲ့ ဖော်ပြချက်အရ ဖက်ဒရယ်နဲ့ ဒေသဆိုင်ရာ ဥပဒေများအပြင် တရားရုံးဆိုင်ရာ ဆုံးဖြတ်ချက်များ၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေ အတွက် AI ကို အသုံးချမှာဖြစ်ပြီး ဒါဟာ ပင်လယ်ကွေ့ဒေသ (ပါရှန်းပင်လယ်ကွေ့) တဝိုက်မှာရှိတဲ့ အာရဗ်နိုင်ငံတွေ ခောတ်မှီ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းရေး ဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့သည့်အပတ်က ယူအေအီးအစိုးရက ဒီလုပ်ငန်းစဥ်တွေ ကို ကြီးကြပ် ဖို့ Regulatory Intelligence Office နာမည်နဲ့ အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်း တာဝန်ပေးခဲ့ပါတယ်။
ယူအေအီး ဒုတိယသမ္မတနဲ့ ဒူဘိုင်းအုပ်ချုပ်ရေးမူး Sheikh Mohammed bin Rashid al-Maktoum က “ဒီ AI နည်းပညာကို သုံးတာဟာ ဥပဒေပြုရေး နဲ့ ဥပဒေရေးဆွဲ ရေး စနစ်တွေကို ပိုမြန်ဆန်စေကာ ပိုမိုတိကျစေဖို့ ဖြစ်တယ်” လို့ ဆိုပါတယ်။
ယူအေအီးရဲ့ AI အပေါ် ရင်းနှီးမြှုပ်နှံမှုဟာ ဒါဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါ။ ၂၀၁၇ ခုနှစ်တုန်းကလည်း UAE Strategy for Artificial Intelligence အဖွဲ့ ကို ဖွဲ့စည်းခဲ့ပြီး Omar Sultan al-Olama ကို ကမ္ဘာ့ပထမဆုံး AI ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ဖူးပါတယ်။
ယူအေအီးရဲ့ ခန့်မှန်းချက်အရ လာမဲ့ ၂၀၃၀ မှာ AI ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၅.၇ ထရီလီယံ (RM69 ထရီလီယံ) ရှိလာမှာဖြစ်ပြီး နိုင်ငံရဲ့ GDP ကို ၃၅ ရာခိုင်နှုန်းထိ တိုးမြင့်စေကာ အစိုးရစရိတ်တွေကို တစ်ဝက်အထိ လျှော့ချနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
ရှေ့နေတစ်ယောက်ဖြစ်တဲ့ ယူအေအီးဥပဒေရေးဆွဲသူ Hesham Elrafei က ” ဥပဒေပြုရေးမှာ နိုင်ငံရေးဆွေးနွေးငြင်းခုံမှုတွေနဲ့ ပြဋ္ဌာန်းဖို့ နှစ်ပေါင်းများစွာ အချိန်ယူရတတ်တဲ့ သမရိုးကျ ပါလီမန်ပုံစံအစား၊ ဒီ AI ဟာ ပြဿနာတွေကို မြန်မြန်ဆန်ဆန် တိတိကျကျ ဖြေရှင်းရေးအပေါ် အခြေခံထားတဲ့ AI စနစ်တခုဖြစ်တယ်” လို့ Elrafei က ပြောပါတယ်။
Elrafei အဆိုအရ၊ AI နည်းပညာဟာ တရားရုံးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ဆန်းစစ်နိုင်ပြီး ဥပဒေရေးရာမှာ လိုအပ်နေတဲ့ ဟာကွက်တွေကို ဖြေရှင်း ပေးနှိင်မယ်လို့ ဆိုပါတယ်။
ဒီနည်းပညာဟာ နိုင်ငံသား ၁၀ ရာခိုင်နှုန်းသာရှိပြီး တခြားတိုင်းတပါး ဘာသာစကား ၂၀၀ ခန်ု့ အသုံးပြုတဲ့ UAE လူမျိုးပေါင်းစုံအသိုင်းအဝိုင်းအတွက် ဥပဒေရေးရာ တွေ ဘာသာစကား အခက်အခဲတွေကို တိတိကျကျ ထိထိရောက်ရောက် ဖြေရှင်းကိုင်တွယ်နိင်မယ်
လို့လည်း ဆိုပါတယ်။
တဖက်မှာလည်း တချို့ နည်းပညာရှင်တွေက အရေးကြီးတဲ့ ကိစ္စရပ်တွေ မှာ AI အသုံးပြု ခြင်းဟာ စိုးရိမ်စရာ ရှိတယ်လို့ ဆိုပါတယ် ။ Oxford တက္ကသိုလ်က သုတေသီ Vincent Straub ကတော့ AI စနစ်တွေကို အပြည့်အဝ ယုံကြည်လို့ မရသေးကြောင်း နဲ့ သတိထားသင့်ကြောင်း ပြေားပါတယ် ။
( Malay Mail မီဒီယာမှ သတင်းအား ဆီလျော်အောင် ဘာသာပြန်ထားခြင်းသာ ဖြစ်သည်)