အမေရိကန်က ဘင်္ဂလားဒေ့ရှ်မှတဆင့် တော်လှန်ရေးအဖွဲ့များအား စစ်ဘက်ဆိုင်ရာထောက်ပံ့မည့်ကိစ္စမှာ တရားဝင်ပြောရန် ခက်နေသေးကြောင်း CNF ပြောရေးဆိုခွင့်ရှိသူပြော။

အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်မှတဆင့် မြန်မာနိုင်ငံရှိ တော်လှန်ရေးတပ်ဖွဲ့အချို့အား စစ်ဘက်ဆိုင်ရာ အကူအညီများပေးအပ်ရန် စီစဥ်နေသည်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး တရားဝင်ပြောရန် ခက်နေသေးကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဧပြီလ ၂၁ ရက်တွင်ကျင်းပသည့် CNF/CNA ၊ CDF-KKG တို့၏ ကလေးဒေသမှ စစ်ဆင်ရေးနှင့် ပတ်သက်၍ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဆလိုင်းထက်နီက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဧပြီလ (၁၅) ရက်က အိန္ဒိယအခြေစိုက်သတင်းဌာနတစ်ခုဖြစ်သော Northeast News သတင်းဌာနသည် အမေရိကန်အစိုးရက ဘင်္ဂလားဒေ့ရှ် စစ်တပ်၏အကူအညီကိုယူပြီး တပ်ရင်းသုံးရင်းမှတဆင့် ရခိုင်နှင့် ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်များကို စစ်ရေး အထောက်အပံ့ဇုန်တစ်ခု ထူထောင်ရန်ဆွေးနွေးခဲ့ကြောင်းစတင်ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့သို့အမေရိကန်အစိုးရ၏ ပစိဖိတ် စစ်ဦးစီးဌာန ဒုတိယ အကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးဂျိုဝယ်လ်ဗောင်ဝဲလ် ရောက်ရှိခဲ့စဥ် ထိုကိစ္စကို ဘင်္ဂလားဒေ့ရှ် စစ်တပ်နှင့် ဆွေးနွေးခဲ့ကြောင်း Northeast News သတင်းဌာနက ရေးသားခဲ့ခြင်းဖြစ်သည်။

ထိုသတင်းထွက်ပေါ်လာပြီးနောက် အိန္ဒိယအစိုးရကပါ အဆိုပါကိစ္စကို မေးမြန်းစုံစမ်းလာကြောင်း ဆလိုင်းထက်နီက ဆိုသည်။

၎င်းက သတင်းစာရှင်းလင်းပွဲတွင် “အဲဒီကိစ္စက ကျနော်တို့ CNF အနေနဲ့ တိုက်ရိုက်မပတ်သက်တော့ အဓိကတော့ သတင်းမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အမေရိကနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရဲ့ကိစ္စဖြစ်တယ်။ ဒီကိစ္စက ထဲထဲဝင်ဝင် သူတို့ နှစ်နိုင်ငံ ကိစ္စဖြစ်တဲ့အတွက်ကျနော့်အနေနဲ့ တရားဝင် ပြောဆိုလို့ မရသလို အဲဒါတွေကို ကျနော်အထက်လူကြီးတွေက ဆွေးနွေးတာတွေ၊ အကြောင်းကြားတာတွေ မရှိသေးတော့ တရားဝင်ပြောဖို့ ခက်နေတဲ့ အနေအထားမှာ ရှိတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၏ အရှေ့ဘက်ရှမ်းပြည်မြောက်ပိုင်းတွင် တရုတ်က စစ်ကောင်စီနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံရေး၌ ထဲထဲဝင်ဝင် ပါဝင်လာနေချိန် အဆိုပါ အမေရိကန်က တော်လှန်ရေးတပ်များကို ထောက်ပံ့မည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနောက်ပိုင်းရှိ ချင်းပြည်နယ်နှင့် ရက္ခိုင်ပြည်နယ်တို့တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များက မြို့အများအပြားကို စစ်ကောင်စီတပ်ထံမှ သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

– မင်းဘုန်း (စာတည်း – ဇီးကွက်)

ပုံစာ – CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ရဲဘော်များအား တွေ့ရစဉ်။

Spread the love

မြန်မာနိုင်ငံမှ အကျဉ်းသား ၄,၉၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး၊ အချို့နိုင်ငံရေးအကျဉ်းသားများ ပါဝင်

ရိုဟင်ဂျာများ ပြန်လာရေး မျှော်မှန်းနေသော်လည်း အခက်အခဲများ ရှိနေ