မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအား ပံ့ပိုးကူညီရန် ကန်ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်နီးပါးအကြာတွင် အရပ်သားများ နေရပ်နှင့်အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်း၊ စီးပွားရေးကျဆင်းခြင်း၊အခက်အခဲများကြုံတွေ့နေရသည့်ကျန်းမာရေးစနစ်၊မြောက်များစွာသော အသက်မွေးဝမ်းကျောင်းများ ဆုံးရှုံးရခြင်းစသည့် ပဋိပက္ခများ မကြုံစဖူးမြင့်တက်လာနေပါသည်။ ၂၀၂၃ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းနှင့် မုတ်သုန်ရေကြီးရေလျှံခြင်းများအပါအဝင် သဘာဝဘေးအန္တရာယ်များကလည်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် အနောက်ပိုင်းရှိ လူမှုအသိုင်းအဝိုင်းအများအပြားကို ပျက်စီးစေခဲ့ပြီး ရှိရင်းစွဲအခြေအနေကို ပိုမိုဆိုးရွားလာစေပါသည်။

၂၀၂၄ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံနီးပါးဖြစ်သော လူဦးရေ ၁၈.၆ သန်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်မည်ဖြစ်သည်။ စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁.၇ သန်း အပါအဝင် လူပေါင်း ၂ သန်းကျော်သည် ‌‌ဒေသတွင်းတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။

မြန်မာနိုင်ငံရှိကလေးသူငယ် ၆ သန်းသည် — လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီး —လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၏ အကြီးမားဆုံးသောဝန်ထုပ်ဝန်ပိုးကို ရင်ဆိုင်နေရပါသည်။ နေရပ်နှင့်အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများ မြင့်တက်လာခြင်းနှင့် ဝန်ဆောင်မှုများပြတ်တောက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ်များသည် အရေးပါသော ကာကွယ်ဆေးထိုးနှံမှုများနှင့် လွဲချော်နေပြီး ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေအန္တရာယ်မှာလည်း မြင့်မားနေပါသည်။ မြန်မာနိုင်ငံသည် ယခင်ကပင်အရှေ့တောင်အာရှတွင် အသက် ၅ နှစ်အောက် ကလေးသေဆုံးနှုန်း အမြင့်မားဆုံးနှင့် ရင်ဆိုင်နေရသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင် မွေးဖွားချိန်မှစ၍ ကာကွယ်ဆေးမထိုးနှံရသေးသော ကလေးဦးရေ အများဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပါဝင်နေပြီး ကလေးများ၏ အနာဂတ်ကောင်းကျိုးအတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေကာ အားနည်းယိုင်နဲ့ နေပြီးဖြစ်သော ကျန်းမာရေးစနစ်ကို ပိုမိုအားနည်းစေခြင်း ဖြစ်လာစေပါမည်။

ကလေးငယ် ၄ သန်းကျော်သည် ပညာသင်ကြားခွင့် ပျောက်ဆုံးနေပြီး ယခုအခါ တိုက်ခိုက်မှုများတွင် ပစ်မှတ်ထားခံရခြင်း၊ တိုက်ခိုက်မှုများအတွင်းသို့ အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်း၊ မတရားဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် အရွယ်မတိုင်မီ လက်ထပ်ထိမ်းမြားစေခြင်းများ အပါအဝင် ပြင်းထန်သော ချိုးဖောက်မှုနှင့် အလွဲသုံးစားပြုမှု အန္တရာယ်များ ပိုမိုမြင့်မားစွာ ရင်ဆိုင်နေကြရပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လူထုအုံကြွမှုနှင့် မတည်ငြိမ်မှုတို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများ ပိတ်ထားရခြင်း၊ ပညာရေးပြတ်တောက်ခြင်းတို့ကြောင့် ကလေးများ၏ ပညာရေးနှင့် အိပ်မက်များကို အဟန့်အတားဖြစ်စေရုံသာမက နိုင်ငံ၏ အနာဂတ်စီးပွားရေး ထုတ်လုပ်နိုင်စွမ်းကိုလည်း ပြင်းပြင်းထန်ထန် အန္တရာယ်ဖြစ်စေနိုင်ပါသည်။ မျိုးဆက်တစ်ခုလုံးသည် ထုတ်လုပ်နိုင်စွမ်းရှိသော လုပ်သားအင်အားစုတစ်ခုအတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် အသိပညာကို ရယူရာတွင် သိသာထင်ရှားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။

ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းနှင့် အိမ်ထောင်စုဝင်ငွေများ ကျဆင်းလာခြင်းကြောင့် မြန်မာမိသားစုများ အထူးသဖြင့် နေရပ်နှင့်အိုးအိမ်စွန့်ခွာထွက်ပြေးရသူများနှင့် ထိခိုက်လွယ်ဆုံးသူများသည် အစားအစာနှင့် သန့်ရှင်းသောရေ အပါအဝင် ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရုန်းကန်နေကြရပြီး ကလေးများ၊ ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များမှာ ပြင်းထန်အာဟာရချို့တဲ့မှု ပိုမိုဖြစ်ပေါ်ကာ ရေကြောင့်ဖြစ်ပွားသော ရောဂါများဖြစ်ပွားနိုင်ခြေ အန္တရာယ်များနှင့်လည်း ရင်ဆိုင်နေကြရပါသည်။

၂၀၂၄ ခုနှစ် ကလေးသူငယ်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှု (HAC) ကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ယူနီဆက်သည် စတင်ခဲ့ပြီး မြန်မာနိုင်ငံရှိ ကလေးသူငယ် ၂. ၁ သန်းအပါအဝင် ထိခိုက်လွယ်ဆုံးလူဦးရေ ၃.၁ သန်းအတွက် အသက်ကယ်ဆယ်ရေးအကူအညီနှင့် အရေးပါသော ဝန်ဆောင်မှုများပေးအပ်ရန် ကြိုးပမ်းလျက်ရှိသည်။ ကန်ဒေါ်လာ ၂၀၈. ၃ သန်းလိုအပ်သော ဤအစီအစဉ်မှ ယူနီဆက်အား ကလေးသူငယ်ဦးရေ ၈၉၀, ၀၀၀ ဦးကျော်အား ပညာရေးဝန်ဆောင်မှုများ ၊ ကလေးသူငယ်၊ ဆယ်ကျော်သက်နှင့် စောင့်ရှောက်သူစုစုပေါင်း ၃၉၂, ၀၀၀ ဦးအား စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာအထောက်အပံ့များ ၊ လူဦးရေ ၈၅၀, ၀၀၀ ဦးအား အရေးပါသော သန့်ရှင်းသောရေရှိရေး၊တကိုယ်ရည်နှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာပံ့ပိုးမှုများနှင့် ကလေးများနှင့်အမျိုးသမီးဦးရေ စုစုပေါင်း ၃၅၀, ၀၀၀ ဦးအား အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်မည်ဖြစ်သည်။ ယူနီဆက်သည် ကလေးဦးရေ ၈၀၀, ၀၀၀ ဦးခန့်အား အသက်ရှင်သန်ရန်နှင့် ကျန်းမာကြံ့ခိုင်ရန်အတွက် အရေးပါသော ဝက်သက်ကာကွယ်ဆေးများကိုလည်း ထိုးနှံပေးရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

ရောက်ရှိရန်ခဲယဉ်းသော ဒေသများအပါအဝင် ထိခိုက်လွယ်ဆုံး ကလေးသူငယ်များနှင့် မိသားစုများအတွက် အရေးပါသော ပံ့ပိုးမှုနှင့် ဝန်ဆောင်မှုများပေးနိုင်ရန် ယူနီဆက်သည် ပြည်တွင်းနှင့် လူမှုအသိုင်းအဝိုင်းအခြေပြု လှုပ်ရှားဆောင်ရွက်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေပြီး မည်သူမျှ မကျန်ရစ်စေရေးအတွက် လုပ်ဆောင်လျက်ရှိပါသည်။ အကျိုးခံစားခွင့်ရှိသူများနှင့် ပုံမှန်ထိတွေ့ဆက်ဆံခြင်း၊ ဝေဖန်အကြံပြုချက် စနစ်များတည်ထောင်ခြင်း၊ ပူးတွဲစီမံကိန်း ရေးဆွဲခြင်းနှင့် အစီအစဉ်ရေးဆွဲခြင်းအတွက် ရပ်ရွာလူထုဦးဆောင်သည့် ချဉ်းကပ်မှုများဆောင်ရွက်ခြင်းအားဖြင့် ထိခိုက်နစ်နာသူများအပေါ် တာဝန်ယူမှုကိုလည်း ပိုမိုအားကောင်းရန် ဆောင်ရွက်လျက်ရှိပါသည်။

ယူနီဆက်နှင့် ၎င်း၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်များသည် နိုင်ငံရေးနှင့် အကန့်အသတ်အကြပ်အတည်း များရှိသော ပတ်ဝန်းကျင်တွင် ကူညီပံ့ပိုးမှုများပေးအပ်လျက်ရှိပါသည်။ HAC အတွက် ပြောင်းလွယ်ပြင်လွယ်ပြီး ကြိုတင်ခန့်မှန်းနိုင်သော လုံလောက်သည့် ရန်ပုံငွေများအချိန်မီရရှိရေးသည် မသေချာသော အနာဂတ်ကို ရင်ဆိုင်နေရသည့် မသန်စွမ်းသူများ သို့မဟုတ် မိသားစုများနှင့် ကွဲကွာနေသူများအပါအဝင် သန်းပေါင်းများစွာသော မြန်မာနိုင်ငံရှိ ကလေးများအတွက် မျှော်လင့်အားထားစရာဖြစ်ပါသည်။ အသက်ရှင်သန်ရေး၊ ဘေးကင်းလုံခြုံရေး၊ အိပ်မက်များလက်တွေ့ ဖြစ်လာရေးနှင့် သာယာဝပြောသောလူနေမှုဘဝရရှိရေးတို့တွင် မရေရာမှုများနှင့် ပြည့်နှက်နေသည့် အထိခိုက်လွယ်ဆုံး ကလေးများအတွက် ကြီးမားသော ဖြစ်နိုင်ခြေရှိသည့် အကျိုးဆက်များကို ရှောင်ရှားရန် ၂၀၂၄ HAC သည် အချိန်နှင့်အမျှ ယှဉ်ပြိုင်နေရသည့် ပြိုင်ပွဲတစ်ခုဖြစ်သည်။

UNICEF

Spread the love

စစ်ကောင်စီနှင့် အတိုက်အခံ တော်လှန်ရေးတပ်များ ကြား အပစ်အခတ်ရပ်စဲရေး ဆက်လက်ထိန်းသိမ်းရန် ‌မလေးဝန်ကြီးချုပ် အန်ဝါး အီဗရာဟင် ‌‌‌ပြေားကြား

Leave a Reply