ငလျင်ဒဏ် အပြင်းအထန် ခံရပြီးနောက် ကယ်ဆယ်ရေး နဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် စစ်ကောင်စီနှင့် အတိုက်အခံအုပ်စုများ ကြား ယာယီ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းထားရန် တိုက်တွန်းကြောင်း ဝန်ကြီးချုပ် အန်ဝါး အီဗရာဟင်က ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီခေါင်းဆောင် နှင့် NUG နစ်ဖက်လုံး ကိုတွေ့ ဆုံ ခဲ့ ပြီး အပြန်အလှန်ဆွေးနွေးမှုများရဲ့ ရလဒ်ကိုလည်း သူက ထုတ်ဖော်ပြောခဲ့ပါတယ်။
“ယာယီ အပစ်အခတ် ရပ်စဲရေးကို နဖက်လုံး သဘောတူထားပါတယ်။ အကယ်၍ ထိုသို့မဟုတ်ပါက လူသားချင်းစာနာထောက်ထားမှု ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်တစ်ခုလုံး ပျက်ပြားသွားနိုင်တယ်” ဟု အန်ဝါးက ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။
ထို့အပြင် ၎င်းက “စစ်ကောင်စီ , NUG တို့နှင့် ကျွန်တော်တို့ ပထမဆုံး အပြန်အလှန်ဆက်သွယ်ဆွေးနွေးမှုများမှာ အလွန်အောင်မြင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
ငလျင်ဒဏ်ခံရပြီးတဲ့နောက် အတိုက်အခံဖြစ်တဲ့ NUG ရဲ့ ယာယီ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ထုတ်ပြီး နောက်ပိုင်း ရက် ၂၀ ကြာ မှ စစ်ကောင်စီက အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဟာ အပစ်အခတ် ရပ်စဲရေး ကြေညာပြီးမှ အချို့ဒေသတွေမှာ စစ်ဆင်ရေးများ ဆက်လက်လုပ်ခဲ့ပါတယ်။
“ကျွန်တော်တို့ ကတော့ လူသားချင်းစာနာထောက်ထားမှု ကူညီ ရရှိရေးပဲ အဓိက ထားပါတယ် ။ သူတို့ အပြန်အလှန် ပစ်ခတ်နေတာတွေ ရပ်ပြီး လူသားချင်းစာနာထောက်ထားမှု ကူညီဆောင်ရွက်နေသူတွေ အားလုံး ဘေးကင်းလုံခြုံမှု ရှိရပါ့မယ်” ဟု အန်ဝါးက ထပ်လောင်းပြောကြားခဲ့ပါတယ်။
စစ်တပ် အာဏာသိမ်းပြီး ကတည်းက အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံဟာ စစ်ကောင်စီအကြီးအကဲတွေ နဲ့ ဆက်ဆံရေး ရှောင်ကြဉ်ခဲ့ပြီး အာဆီယံ ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်တွေ ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့အတွက် မြန်မာ့စစ်ခေါင်းဆောင်တွေ ကို အာဆီယံအစည်းအဝေးက ချန်ထားခဲ့ပါတယ်။
“အာဆီယံရဲ့ သဘောတူညီမူ့ ငါးချက် (Five-Point Consensus) ကို စစ်အစိုးရအနေ နဲ့ လိုက်နာ သင့်တယ် လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု အန်ဝါးက ပြောကြားခဲ့ပြီး ” ကျွန်တော့်အနေနဲ့ အာဆီယံခေါင်းဆောင်များနဲ့ တိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်သွားပါမယ်” လို့ ဆိုပါတယ်။
အာဆီယံအနေနဲ့ NUG နှင့် စစ်ကောင်စီ နစ်ဖက်လုံးကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များကိုလည်း ဆက်လက်ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။